အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇူလိုင်လ ၂၂
အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၂-၇-၂၀၂၅ ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ဖွံဖြိုးတိုးတက်စေရန် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်/ကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို မူပိုင်ခွင့်စနစ်၏ အခြေခံသဘောတရားများနှင့် မူပိုင်ခွင့်အခွင့်အရေးများကို သိရှိ၍ အသုံးချနိုင်ခြင်းမှ မူပိုင်ခွင့်အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး မူပိုင်ခွင့် လျှောက်ထားခြင်းများကိုလက်ခံစစ်ဆေး၍ မှတ်ပုံတင်လက်မှတ်များ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် တည်ထောင်လာနိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေး သည့်စနစ်ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာနိုင်စေခြင်း၊ ဆန်းသစ်တီ ထွင်မှုနှင့်ဖန်တီးမှုများကို မူပိုင်ခွင့်နှင့်အကာအကွယ်ပေးခြင်းဖြင့် ဖန်တီးလိုစိတ်နှင့် အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်စေခြင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်စေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းမှလည်းကောင်း၊ စက်မှုပစ္စည်းမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့်လူထုဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေမှလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများ အပေါ်တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။