နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISC)တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် ၁၉
   နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (TISC)တည်ထောင်နိုင်ရေး နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
  အဆိုပါ အစည်းအဝေးသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်/ကောလိပ် TISCs စင်တာများမှ ကိုယ်စားလှယ်စုစုပေါင်း (၄၉)ဦး Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
 အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (Technology and Innovation Support Centre-TISC)များ တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ (၂၀၂၃-၂၀၂၈)တွင် TISC စင်တာများနှင့် ပူးပေါင်း၍ မူပိုင်ခွင့်အသိပညာတိုးမြှင့်စေမည့် လှုပ်ရှားမှုများ ဆောင်ရွက်ရန်နှင့်  တက္ကသိုလ်များ၊ သုတေသနဌာနများတွင် TISC စင်တာများ ထပ်မံတိုးချဲ့ တည်ထောင်ရန်ပါရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် TISC စင်တာများထူထောင်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့နှင့် Service Level Agreement- SLA ရေးထိုးခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက် အကူပြုစင်တာများ (TISC) တည်ထောင်ရန် နားလည်မှုစာချွန်လွှာများကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနစသည့် တက္ကသိုလ်နှင့် ဦးစီးဌာန(၆)ခုတို့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ(၁/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးတွင် တက္ကသိုလ်နှင့် သုတေသနဌာနများတွင် နည်းပညာနှင့်တီထွင် ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISC)များ တိုးချဲ့တည်ထောင်နိုင်ရန် လမ်းညွှန်မှာကြားခဲ့မှုအရ ဆောင်ရွက်ခဲ့ရာ TISC တည်ထောင်ရန် တက္ကသိုလ်နှင့် သုတေသနဌာန(၃၅)ခုမှ အဆိုပြုခဲ့ပါကြောင်း၊ တက္ကသိုလ်နှင့်သုတေသနဌာနများတွင် TISC Center များ တည်ထောင်ခြင်းအားဖြင့် နည်းပညာသတင်းအချက်အလက်များကို ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှုဖွံ့ဖြိုး တိုးတက်စေရေးအထောက်အပံ့ဖြစ်စေခြင်း၊ နည်းပညာနှင့်ပတ်သက်သောသတင်းအချက်အလက်များ လွယ်ကူစွာရရှိစေနိုင်စေခြင်း၊ တီထွင်ဖန်တီးမှုများတွင် အသုံးချနိုင်စေခြင်း၊ နည်းပညာကဏ္ဍစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
   ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (TISC) တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်း၍  Power Point ရှင်းလင်းဆွေးနွေးခဲ့ရာ  တက်ရောက်သူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခြင်းများအပေါ် ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ အစည်းအဝေးကို(၄း၁၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။