ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မတ်လ ၂၄  ရက်
    အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို  ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(SSSCCI)ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 
   အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင် ခွင့်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ ကမ္ဘောဇ ကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(SSSCCI) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြသည်။ အသိပညာပေးဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(SSSCCI) ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် မူပိုင်ခွင့် ကဏ္ဍသည်အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများဖြစ်သည့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်၍ မူပိုင်ခွင့်အကာအကွယ် ပေးသည့်စနစ်မှ တီထွင်ဖန်တီးမှုများတိုးမြှင့်လာမည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းမှ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပ‌ဒေများ အာဏာ သက်ဝင်ပြီဖြစ်၍ မူပိုင်ခွင့်လျှောက်ထားခြင်းများကို အီလက်ထရောနစ်စနစ်မှတစ်ဆင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှ တစ်ဆင့်လည်းကောင်းလက်ခံဆောင်ရွက်လျက်ရှိပြီဖြစ်ရာ ယခုအသိပညာပေးဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာမူပိုင်ခွင့်များကို လျှောက်ထားလိုပါက မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများက One Stop Service - OSS ဖြင့် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရ၍ စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အရေးတစ်ခုဖြစ်ပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများကို မူပိုင်ခွင့်ဖြင့်အကာအကွယ်ရယူနိုင်သည့် နည်းစနစ်များကို သိရှိလာနိုင် ခြင်း၊ မိမိလုပ်ငန်း၏အမှတ်တံဆိပ်များ၊ဒီဇိုင်းများကို မူပိုင်ခွင့်ဖြင့်အကာအကွယ်ယူနိုင်ခြင်း၊ မူပိုင်ခွင့် ပိုင်ရှင်နှင့်ဖန်တီးသူတို့၏အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများဖွံဖြိုးတိုးတက်လာစေခြင်း စသည့်အကျိုးကျေးဇူးများကို  ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့် စနစ်အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ဆွေးနွေးပွဲများသို့ တက်ရောက်လာသူ များက သိရှိလိုသည်များမေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များမှ ၎င်းတို့၏မူပိုင်ခွင့်များကို လျှောက်ထားခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှတာဝန်ရှိသူများက လက်ခံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။