စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် “(၂၃)ကြိမ်မြောက် တီထွင်မှုမူပိုင်ခွင့်လုပ်ငန်းအဖွဲ့နှင့် (၁၅)ကြိမ်မြောက် လက်တွေ့ကျင့်သုံးရေးဆိုင်ရာအဖွဲ့ အစည်းအဝေး” သို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော်၊ မတ်လ ၁၈
၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် “(၂၃) ကြိမ်မြောက် တီထွင်မှုမူပိုင်ခွင့်လုပ်ငန်းအဖွဲ့နှင့် (၁၅)ကြိမ်မြောက် လက်တွေ့ကျင့်သုံးရေး ဆိုင်ရာအဖွဲ့ အစည်းအဝေး” သို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးကို အာဆီယံနိုင်ငံများရှိ တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထုတ်ပြန်ကြေညာခြင်းစသည့် သတင်းအချက်အလက်များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံဗဟုသုတများကို အပြန်အလှန်မျှဝေနိုင်ရန်၊ ခေတ်နှင့်အညီ ပေါ်ပေါက်နေသော တီထွင်ဖန်တီးမှုများကို စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများအား လေ့လာခွင့်ရရှိနိုင်ရန်၊ အရည်အသွေးပြည့်မီသော စစ်ဆေးရေးအရာရှိများဖြစ်လာစေရေးအတွက် အထောက်အပံ့များရှိနိုင်ရန်နှင့် တီထွင်မှုမူပိုင်ခွင့်နှင့်ဆက်နွယ်သော မူဝါဒများချမှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ တက်ရောက်သည့် ကိုယ်စားလှယ်များအနေဖြင့် တီထွင်မှု မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသူများမှ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ဆေးရေးအရာရှိများ၏ အရည်အသွေးပြည့်မီမှုရှိစေရေး၊ ကျွမ်းကျင်မှုရှိစေရေးနှင့် တီထွင်မှုမူပိုင်ခွင့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် တစ်သမတ်တည်းရှိစေရေး စသည့်ကိစ္စရပ်များအပေါ်တွင် ဆွေးနွေးခဲ့ပါ ကြောင်းနှင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။