တီထွင်ဖန်တီးမှုများမြှင့်တင်နိုင်ရေးအတွက် မန္တလေးနည်းပညာတက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ သွားရောက်ဟောပြောဆွေးနွေးခဲ့
နေပြည်တော်၊ မတ်လ ၆ ရက်
နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများမြှင့်တင်နိုင်ရန် ရည်ရွယ်၍ မူပိုင်ခွင့်ဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးနည်းပညာတက္ကသိုလ်တွင်လည်းကောင်း၊ နေ့လယ်ပိုင်း၌ မန္တလေးတက္ကသိုလ်တွင်လည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။
မန္တလေးနည်းပညာတက္ကသိုလ်တွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစန်းယုခိုင်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၁၉၄)ဦး တက်ရောက်ခဲ့ ကြသည်။ မန္တလေးတက္ကသိုလ်တွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၃၂၄)ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲများတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းချက်များဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီထွင်ဖန်တီးမှုများမြှင့်တင်နိုင်ရေး မူပိုင်ခွင့်အသိပညာများကိုဖြန့်ဝေနိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် နည်းပညာနှင့်တီထွင်ဆန်းသစ်မှု သတင်းအချက်အလက်များကို မြန်မာနိုင်ငံရှိ အသုံး ပြုသူများမှ လွယ်ကူစွာရယူအသုံးပြုနိုင်ရန်နှင့် အထောက်အကူဖြစ်စေရန် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာများ (TISCs)များထူထောင်နိုင်ရေးနှင့် WIPOနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်များဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)-ရန်ကုန်နှင့် သုတေသနတီထွင်ဆန်းသစ်မှုဌာနတို့နှင့် ၂၀၁၉ ခုနှစ်တွင် MOU ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုလို အသိပညာပေးဆောင်ရွက်ခြင်းဖြင့် တက္ကသိုလ်များ၊ သုတေသနဌာနများမှ တီထွင်ဖန်တီးမှုများကို ဖော်ထုတ်နိုင်မှာဖြစ်ပြီး နည်းပညာများ လွှဲပြောင်းရယူ နိုင်မည်ဖြစ်ကာ အသစ်အသစ်သော တီထွင်ဖန်တီးမှုများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်ကအတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အာဏာသက်ဝင် နိုင်ခဲ့ပြီဖြစ်၍ မူပိုင်ခွင့်လျှောက်ထားခြင်းများကိုလည်း လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင်တီထွင်ဖန်တီးမှု၊ နည်းပညာများအားကောင်းသော နိုင်ငံများ သည် ကမ္ဘာပေါ်တွင် ရှေ့တန်းမှ ဦးဆောင်သောနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိပေရာ တီထွင်မှုများနှင့် ဆက်စပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သုတေသနဌာနများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ၍ တီထွင်ဆန်းသစ်မှု များ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကာ မူပိုင်ခွင့်အကြောင်းသိကောင်းစရာများ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြု စင်တာများ(TISCs)နှင့်စပ်လျဉ်းသည့် သိကောင်းစရာများ၊ သက်ဆိုင်ရာ တက္ကသိုလ်နှင့်နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်း စရာများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲများသို့ တက်ရောက် လာသူများက သိရှိလိုသည်များ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။