စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်လှစ်ကျင်းပ

နေပြည်တော်၊ မတ်လ ၃  ရက်
   စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်း အနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
   အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က စက်မှုဒီဇိုင်းမှတ်ပုံတင်ကိုယ်စားလှယ်များအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် ဒီဇိုင်းမူပိုင်ခွင့်လျှောက်ထားရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ လျှောက်လွှာပုံစံများနှင့် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေများနှင့်စပ်လျဉ်းပြီး သိရှိနိုင်ရန်နှင့် ဒီဇိုင်းမူပိုင်ခွင့် လျှောက်ထားခြင်းများ အဆင်ပြေချောမွေ့စွာ လျှောက်ထားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် လျှောက်ထားရာများနှင့်စပ်လျဉ်းပြီး စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ် များအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခြင်းများကို သိရှိနားလည်ထားမှသာ လျှောက်ထားရာတွင် အမှားနည်းစွာနှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဦးစီးဌာနအနေနှင့်လည်း မှတ်ပုံတင်လျှောက်လွှာများကို အချိန်နှင့်တပြေးညီ လျင်မြန်စွာ စစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ ၄ ရပ်လုံး  အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်လျှောက်ထားခြင်းများကို အွန်လိုင်းမှသော်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများတွင် လူကိုယ်တိုင်သော်လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး စစ်ဆေးခြင်းလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့သည်။ 
   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို မတ်လ ၃ ရက် နေ့မှ ၇ ရက် နေ့ထိ(၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၄၁) ဦးနှင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။