စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၃၆)တွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ဟောပြောဆွေးနွေးခဲ့

နေပြည်တော်၊ ဇန်နဝါရီလ ၁၅ ရက်
  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးအမှတ် (၃၆)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
  ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက မူပိုင်ခွင့်အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးနေအောင်မျိုးက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် ဒေသဆိုင်ရာ အညွှန်း (Geographical Indication) အကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းခြင်းများအပေါ် ရှင်းလင်းဟောပြောခဲ့ပါသည်။
  အဆိုပါအသိပညာပေးဟောပြောပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။