ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြန်မာ့ယွန်းထည်လက်မှုပညာရှင်များ၊ လုပ်ငန်းရှင်များအား မူပိုင်ခွင့်ဆိုင်ရာအသိပညာပေး ဆွေးနွေးပို့ချ
Mekong Institute (MI) မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် “Training cum Workshop on Creative Industry Associations Management in Project Locations in the Mekong Countries” သင်တန်းနှင့်စပ်လျဉ်းသည့် “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ မြန်မာ့ယွန်းထည်များ၏ အရည် အသွေးမြှင့်တင်ခြင်း” Project အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြန်မာ့ယွန်းထည်လက်မှု ပညာရှင်များ၊ လုပ်ငန်းရှင်များအား မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်၌ ပုဂံမြို့ရှိ Bagan House Lacquerware Workshop ရှိ The Basket ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာနွယ်ရီဝင်းက မူပိုင်ခွင့်နှင့်စပ်လျဉ်း၍လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥပဒေရေးရာနှင့်ကြားနာဖျန်ဖြေရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသိမ်မွေ့မောင်က ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြန်မာ့ယွန်းထည် လက်မှုပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။