တီထွင်မှုမူပိုင်ခွင့် အကျိုးဆောင်ကိုယ်စားလှယ်အခြေခံသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၇
   မူပိုင်ခွင့်ဦးစီးဌာန၏ တီထွင်မှုမူပိုင်ခွင့်အကျိုးဆောင်ကိုယ်စားလှယ်အခြေခံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
   အဆိုပါ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က တီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်ခြင်း ကိစ္စ ရပ်များတွင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့်သူများကို တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင် ခွင့်ဆိုင်ရာနည်းဥပဒေတို့နှင့်အညီ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များ၊ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ သိရှိ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ တီထွင်ဖန်တီးမှုများကို တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ယူနိုင်တော့မည်ဖြစ်ပြီး  မြန်မာနိုင်ငံတွင် တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်များကို အောက်တိုဘာ ၃၁ရက်နေ့တွင် စတင်လက်ခံနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်အကျိုးဆောင်ကိုယ်စားလှယ်များအနေဖြင့် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အကြောင်းအရာများ၊ တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် အသေးစားတီထွင်မှု မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်းအရာများကို သိရှိထားခြင်းအားဖြင့် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားရာတွင် ပိုမိုလွယ်ကူပြီး လျှင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ 
   သင်တန်းသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၂၄ ရက်နေ့ထိ (၁၁) ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၆၅)ဦးနှင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။