မန္တလေးတိုင်း မြို့ဟောင်းသိုလှောင်ရုံများ သုံးစွဲခွင့်ပြုထား

၁။      မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် ရေဘေးအန္တရာယ်ကြောင့် တိုင်း ဒေသကြီးများနှင့် ပြည်နယ်အချို့တွင် ရေကြီးနစ်မြှုပ်မှုများ ကြုံတွေ့ခံစားလျှက်ရှိပါသည်။ အဆိုပါ သဘာဝဘေးအန္တရာယ်များ ခံစားနေရသော အချို့ဒေသများတွင် ဆန်ရိက္ခာများ ပြတ်တောက် လျှက်ရှိပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ရေဘေးသင့်ဒေသများသို့ လိုအပ် သောဆန်များ ပံ့ပိုးပေးအပ်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြောင့်လိုအပ်သော ဒေသများသို့ ဆန်များအလျင်အမြန် ရောက်ရှိစေရန်ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် MAPCO မှ အရန်ဆန်အဖြစ် ဆန်အိတ် (၃၀၀၀၀) အား ဝယ်ယူသိုလှောင်နိုင်ရန်အတွက် မန္တလေး မြို့၊ မြို့ဟောင်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် သိုလှောင်ရုံများအား အခမဲ့ ငှားရမ်းသိုလှောင်ရန် ခွင့်ပြုပေးခဲ့ပါသည်။

၂။      ထို့အပြင်အခြား ရေဘေးအန္တရာယ် ကြုံတွေ့နေရသောဒေသများရှိ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်သော ဆန်စပါးများထားသိုရန် အခက်အခဲ ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနပိုင် သိုလှောင်ရုံများအား ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ညှိနှိုင်း၍ အခမဲ့ငှားရမ်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။