စင်ကာပူနိုင်ငံ၌ ဓာတ်ဆီအခွန်နှုန်းထားများတိုးမြှင့်

   ဖေဖော်ဝါရီ ၂၃ ရက်ကထုတ်ပြန် ကြေညာခဲ့သော ၂၀၁၅ ခုနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့်အတူ ပိုမိုသန့်ရှင်းကောင်းမွန်သော ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တစ်ရပ်သို့ တိုးတက်ဖြစ်ပေါ်စေရေးအစီအမံ၏ တစ်စိတ်တစ်ဒေသအဖြစ် ဓာတ်ဆီအခွန်နှုန်းထားများကို စင်ကာပူနိုင်ငံအစိုးရမှတိုးမြှင့်လိုက်ပါသည်။ စင်ကာပူနိုင်ငံ၌ ၂၀၀၃ ခုနှစ် နောက် ပိုင်းမှစ၍ လောင်စာဆီအခွန်နှုန်းထားကို ပြောင်းလဲခြင်းမရှိဘဲကောက်ခံခဲ့ကြောင်း၊ ယခုအခါကာဗွန် ထုတ်လွှတ်မှုလျော့ကျစေရေးနှင့် ကားအသုံးပြုမှုနည်းပါးစေရေး တွန်း အားပေးဆောင်ရွက်မှုအဖြစ် အခွန်နှုန်းထားတိုးမြှင့်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ရေနံဈေးနှုန်းများကျဆင်းနေသည့်အလျောက် လောင်စာဆီလက်လီဈေးနှုန်းများမှာ လွန် ခဲ့သော နှစ်နှစ်ခွဲတာကာလ၌ ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း၏အောက်၌သာဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း၊ ထို့အပြင် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် လမ်းအသုံးပြုခွန် အပေါ် တစ်လုံးတစ်ခဲတည်းပြန် အမ်းငွေကို ထုတ်ယူခံစားနိုင်ခွင့်ရှိမည် ဖြစ်ကြောင်းစသည်ဖြင့် ဒုတိယဝန်ကြီးချုပ်တာဝန်ကို ပူးတွဲထမ်းဆောင်လျက်ရှိသူ ဘဏ္ဍာရေးဝန်ကြီး Mr Tharman  Shanmugaratnam က ပြောဆိုပါသည်။

   RON 97 နှင့်အထက် အရည်အသွေးမြင့်ဓာတ်ဆီ (Premium-grade) တစ်လီတာကို   စင်ကာပူ ဒေါ်လာ သုညဒသမ ၆၄ အထိလည်းကောင်း၊ RON 90 နှင့်အထက် RON 97 အောက်အလယ်အလတ်အဆင့် ဓာတ်ဆီ (Intermediate-grade) တစ်လီတာအပေါ် စင်ကာပူဒေါ်လာသုည ဒသမ ၅၆ အထိလည်းကောင်း၊ အခွန်တိုးမြှင့်ကောက်ခံ မည်ဖြစ်ရာ အဆိုပါ ဓာတ်ဆီ အမျိုးအစားနှစ်ရပ်အပေါ် လက်ရှိအခွန်နှုန်းထားထက် စင်ကာပူ ဒေါ်လာ သုည ဒသမ ၂ နှင့် သုညဒသမ ၁၅စီ အသီးသီးပိုမိုလာမည်ဖြစ်ပါသည်။ ဤသို့ အခွန်နှုန်းထားတိုးမြင့်မှုမှ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၇၇ သန်း အခွန်ငွေပိုမိုရရှိမည်ဖြစ်ပါသည်။

   စက်မောင်းဆီအခွန်နှုန်းတိုးမြင့်မှုကို သက်သာမှုရရှိစေရန်အလို့ငှာ မော်တော်ယာဉ်အင်ဂျင်စွမ်းအားအလိုက် ကောက်ခံလျက်ရှိသော လမ်းအသုံးပြုခွန်ပေးဆောင်ရမှုမှ ပြန် အမ်းငွေများကို ဓာတ်ဆီဖြင့်မောင်းနှင်ရသည့် အိမ်သုံးမော်တော်ယာဉ်များအား ၂၀ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်များအား ၆၀ ရာခိုင်နှုန်း၊ အငှားယာဉ်များနှင့် စီးပွားရေး လုပ်ငန်းသုံးယာဉ်များအား ၁၀၀ ရာခိုင်နှုန်းဖြင့် တစ်လုံးတစ်ခဲတည်းထုတ်ယူခွင့်ပြုမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ၂၀၁၅ ခုနှစ်သြဂုတ်လ ၁ ရက်နေ့မှ ၂၀၁၆ ခုနှစ် ဇူလိုင် လ ၃၁ ရက်အတွင်း၌သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး စင်ကာပူဒေါ်လာ ၁၄၄ သန်းခန့် သုံးစွဲရဖွယ်ရှိကြောင်း အစိုးရမှခန့်မှန်းထားပါသည်။

  စင်ကာပူနိုင်ငံသို့ တင်သွင်းလာသည့် မော်တော်ယာဉ်များအားလုံးကို ကာဗွန်ထုတ်လွှတ်မှုစစ်ဆေးပြီးတွေ့ရှိရသည့်ရလဒ်အပေါ်မူတည်၍ အပိုဆောင်းငွေကောက်ခံမှုနှင့် ပြန် အမ်းငွေထုတ်ပေးမှုပြုလုပ်သည့် CEVS အစီအစဉ်မှာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သော်လည်းနှုန်းထားများတိုးမြှင့်ပြင်ဆင်လျက် ၂၀၁၇ ခုနှစ်ဇွန်လ ၃၀ရက်အထိဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ ပြင်ဆင်ချက်အသေးစိတ်ကို လာမည့် မတ်လအတွင်းထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး မော်တော် ယာဉ်ဟောင်းများအား ဆောလျင်စွာလဲလှယ်မှုအစီအစဉ် (Early Turnover Scheme)  ကိုလည်း ယခုနှစ် သြဂုတ်လမှစတင်၍ အဆင့်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

   ဤကဲ့သို့ အခွန်ကောက်ခံမှုနှုန်းထားတိုးမြှင့်မည်ဖြစ်ကြောင်း အစိုးရမှကြေညာခဲ့အပြီးတွင် စင်ကာပူနိုင်ငံ၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ရှိ ဓာတ်ဆီ လက်လီအရောင်းဈေးနှုန်း များမှာ ယခင်တစ်ပတ်ကထက် တစ်လီတာလျှင် သုညဒသမ ၂၅ စင်ကာပူဒေါ်လာ ပိုမို မြင့်တက်လာကြောင်းတွေ့ရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ စင်ကာပူမြို့