ကျေးလက်ဒေသလယ်ယာကုန်ထုတ်စက်ကိရိယာများ ကိုင်တွယ်ခြင်းနှင့်ပြင်ဆင်ထိန်းသိမ်းမောင်းနှင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ

   ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆပ်ကော်မတီမှကြီးမှူးကျင်းပသည့် ကျေးလက်ဒေသလယ်ယာကုန် ထုတ်စက်ကိရိယာများ ကိုင်တွယ်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းမောင်းနှင်ခြင်း သင်တန်းဖွင့်ပွဲကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ သန်လျင်ခရိုင်ဦးစီးမှူးရုံး၌ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃)ရက် နံနက်(၉)နာရီတွင်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် လုပ်ငန်းဆပ်ကော်မတီဥက္ကဌကိုယ်စား အတွင်းရေးမှူးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးခိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊  သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက် ခဲ့ကြပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၏ ရန်ပုံငွေအထောက်အပံ့ဖြင့် လုပ်ငန်းဆပ်ကော်မတီမှစီစဉ်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး စက်မှုလယ်ယာဦးစီးဌာန၏ သင်တန်းနည်းပြများ၊ သင်ထောက်ကူစက်ကိရိယာများဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။  သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကော့မှူးမြို့နယ်များမှ သင်တန်းသား (၄၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃)ရက်မှ (၂၇) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ လယ်ယာသုံးစက်ကိရိယာများဖြစ်သည့် ထွန်ယက်ကိရိယာများ၊ ရိတ်သိမ်းချွေလှေ့စက်များအား စနစ်တကျကိုင်တွယ် ထိန်းသိမ်းတက်စေရန်နှင့် မောင်းနှင်တက်စေရန်၊ စက်ချို့ယွင်းသည့်အခါ တောင်သူများကိုယ်တိုင်စနစ်တကျ ပြင်ဆင်တက်စေရန် ထုတ်လုပ်မှုကုန်ကျစရိတ်အနည်းဆုံးနှင့် အထွက်နှုန်းပိုမိုရရှိလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။