ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ မှတ်ပုံတင်ပြီးသောပိုးသတ်ဆေး ၃၈၃ မျိုး စာရင်းထုတ်ပြန်

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဟာ ၂၄ ကြိမ်မြောက် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အစည်းအဝေးမှ နည်းပညာပိုင်းဆိုင်ရာ စိစစ်မှုများပြုလုပ်ခဲ့ပြီး ပိုးသတ်ဆေး ၃၈၃ မျိုးအား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁။၂၀၁၅ နဲ့ ထုတ်ပြန်ထား ပါတယ်။ စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင်ရရှိထားတဲ့ပိုးသတ်ဆေးများကို ပိုးသတ်ဆေး ဥပဒေပုဒ်မ ၂ (စ)အရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က သတ်မှတ်ထားတဲ့ နယ်မြေအတွင်း ပိုးသတ်ဆေးရဲ့ ထိရောက်မှု ကိုလည်းကောင်း၊ စိုက်ပျိုးရေးစနစ်နဲ့ သင့်လျော်တဲ့သုံးစွဲမှု နည်းလမ်းကိုလည်းကောင်း စမ်းသပ်ဆောင်ရွက်ပြီးမှ ယာယီသုံးစွဲခွင့်မှတ်ပုံတင် အမျိုးအစားကို ပြန်လည်လျှောက်ထား ရမှာဖြစ်ပါတယ်။ ယာယီသုံးစွဲခွင့်မှတ်ပုံတင်နဲ့  ပြင်ဆင်မှတ်ပုံတင် အမျိုးအစားရရှိပြီးတဲ့ပိုးသတ်ဆေးများကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခွင့်၊ ပြည်တွင်းမှ ပြည်ပသို့ တင်ပို့ခွင့်နဲ့စပ်လျဉ်းပြီး ဥပဒေပုဒ်မ ၂၃(ဃ)နဲ့(င)အရ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှ တင်သွင်းခွင့်ထောက်ခံချက် (Import Erdosement ) နဲ့ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ခွင့်ပြုချက်များရယူရန် လိုအပ်မှာဖြစ်ပါတယ်။ ယာယီသုံးစွဲခွင့် မှတ်ပုံတင်နဲ့ ပြင်ဆင်မှတ်ပုံတင်ရရှိပြီးသော ပိုးသတ်ဆေးများဟာ ပိုးသတ်ဆေးဥပဒေ ပုဒ်မ ၃၄ အရ ယင်းတို့ရဲ့ ထုပ်ပိုးပစ္စည်းများ၊ ဘူးခွံ၊ ပုံးခွံများပေါ်၌ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ရဲ့ အတည်ပြုချက်ရရှိထားသော မြန်မာဘာသာပြန်ဆိုထားတဲ့ အညွှန်းစာနဲ့ မှတ်ပုံတင်အမှတ်တို့ပါရှိမှသာ ရောင်းဝယ်သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ ပူးတွဲပါမှတ်ပုံတင်ပြီး ပိုးသတ်ဆေးများကို တင်သွင်းတင်ပို့  ရောင်းဝယ်ဖောက်ကား သိုလှောင် သုံးစွဲရာမှာ ပိုးသတ်ဆေးဥပဒေနဲ့ ပိုးသတ်ဆေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပြီး ဥပဒေပြဌာန်းချက် ၊တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်ကြောင်း တွေ့ရှိရပါက ပိုးသတ်ဆေး ဥပဒေအရ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာမှာ ထည့်သွင်း ဖော်ပြထားကြောင်း သိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။ ပိုးသတ်ဆေး ၃၈၃မျိုး စာရင်းအသေးစိတ်ကို ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ သွားရောက်ကြည့်ရှုနိုင်မှာဖြစ်သလို Facebook-  DCCA DCCA  account မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

                                                                                        ဂန္ဓမာ