ထိုင်း-မြန်မာတံတားသစ်နဲ့ အထူးစီးပွားရေးဇုန်

 

          ထိုင်းအစိုးရသည် တာ့ခ်ခရိုင်မှာ ထူထောင်တဲ့ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်လျောညီတွေဖြစ်စေရန် Moei မြစ်ကိုဖြတ်၍ ထိုင်းနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်မဲ့ တံတားတစ်စင်း တည်ဆောက် ရန် ထိုင်းဘတ်ငွေ သန်း ၃၀ဝ ကို ခွဲဝေချထားပေးခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာ ထိုင်းအစိုးရဟာ မဲဆောက်၊  Mae Ramat နဲ့ Phop Phra  ပြည်နယ်များရှိ ခရိုင် ၁၄ ခုမှာ အထူးစီးပွားရေးဇုန် တစ်ခုထူထောင် သွားရန် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အထူးစီးပွားရေး ဇုန်များဟာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု တိုးတက်ရေး လွယ်ကူ ချောမွေ့စေမှာဖြစ်ပါတယ်။ တံတားတည်ဆောက်မှု ပြီးစီးသွားပါက နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု သိသိသာသာ တိုးတက် လာမယ်လို့ မျှော်မှန်း ထားပါတယ်။ ပိုမိုအရေးကြီးတဲ့ အချက်ကတော့ မဲဆောက်ဟာ အရှေ့အနောက် စီးပွားရေးစြင်္ကန် (East-West Economic Corridor -EWEC ) ရဲ့ ဝင်ပေါက် တစ်ခုဖြစ်နေခြင်း ဘဲဖြစ်ပါတယ်။ EWEC မှာ တာ့ခ်မှ လာအိုနယ်စပ် Mukdahan  ထိ ကီလိုမီတာ ၇၀ဝ အရှည်ခန့် ထိုင်းနိုင်ငံက ပါဝင်နေတာဖြစ်ပါ တယ်။ ထိုင်းဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Wisut Srisuphan ဦးဆောင်သော ထိုင်းအရာရှိများ ပါဝင်သော အဖွဲ့ဟာ တာ့ခ်ခရိုင်မဲဆောက်ရှိ Ban Wang Takhien ကျေးရွာရှိ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လာရောက် စစ်ဆေးကြည့်ရှုခဲ့ရာမှာ Wisut က တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ကို လာရောက်ခြင်း ဖြစ်သလို အထူးစီးပွားရေး ဇုန်ထူထောင်ရန် အခြေခံ အဆောက်အဦ လိုအပ်ချက်များကိုလည်း လာရောက် ကြည့်ရှုခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မဲဆောက် နယ်စပ်ကုန်သွယ်ရေးဟာ ယမန်နှစ်က ဘတ် ၆၀ ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီး ယခုတံတား ပြီးစီးပါက နှစ်ဆထိတိုး လာနိုင်မယ်လို့ ပြောပါတယ်။ လက်ရှိ နှစ်လမ်းသွား  မြဝတီ-မဲဆောက် တံတားဟာ  ယာဉ်များနဲ့ ကျပ်သိပ်နေပြီး ယာဉ်ယန္တရားကြီးများ  ဖြတ်သန်းမှုဒဏ်ကို ခံနိုင်ဝန် မရှိသော်လည်း ယခုတံတားသစ်ဟာ လေးလမ်းသွား တံတားသစ်ကြီး ဖြစ်တယ်လို့ သိရပါတယ်။

 

                                                                                                                                                               တိမ်ကင်းစင်