စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အားပေး
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အားပေး အမှာစကားပြောကြားသည်။
အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီပွဲတော်များရှိသည့်အနက် ထမနဲဟုဆိုသည်နှင့်တစ်ပြိုင်နက် တပို့တွဲလ ထမနဲပွဲဟူသော စကားရပ်ကို မြန်မာ ပြည်သူ/ပြည်သားများအားလုံး ယှဉ်တွဲသိရှိပြီးဖြစ်ပါကြောင်း၊ တစ်နည်းဆိုသော် ထမနဲပွဲသည် တပို့တွဲလ၏ ပုံရိပ်သင်္ကေတလည်း ဖြစ်ပါကြောင်း၊ ချစ်စရာနှင့်ပျော်စရာလည်းကောင်းလှသော မြန်မာ့ရိုးရာဓလေ့ကိုထိန်းသိမ်းပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့ကာ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဓာတ်ကြီးလေးပါးညီညွတ်မျှတစေရန်အတွက် ဆွေမျိုးမိတ်သင်္ဂဟများအား ဆေးဝါး ဓာတ်စာအဖြစ် ထမနဲကို ပေးဝေလှူဒါန်းခြင်းဖြင့် ကောင်းမှုကုသိုလ်ရယူရာလည်းရောက်ပါကြောင်း၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ဌာနများအလိုက် စုပေါင်းညီညာအောင်ကြောင်းဖြာ သရုပ်ကို ဖော်ဆောင်သော ပြိုင်ပွဲတစ်ခုလည်းဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူစွာပါဝင်ဆင်နွှဲ ကြစေလိုပါကြောင်း၊ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာယှဉ်ပြိုင် သွားစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင်အသင်းများ၏ သတ်မှတ်ပြိုင်ပွဲစည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ဆုရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များမှ အကဲဖြတ်အမှတ်ပေး ခြင်းများဆောင်ရွက်ကြကာ ဆုရရှိသည့်အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ က ဆုများအသီးသီး ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။
