စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  တော်အခမ်းအနားကို ယနေ့နံနက် ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် - ၅၂၊ စားသုံးသူရေးရာဦးစီးဌာနရုံးအနီးရှိ မြေကွက်လပ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားပြီး ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ လေထုကို သန့်စင်ပေးနိုင်ရန်၊ မြေဆီလွှာ  တိုက်စားမှုကို ကာကွယ်နိုင်ရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရန် ရည်ရွယ်၍ သစ်ပင်များ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင်လည်း စိုက်သမျှ အပင်ရှင်သန်ရန် အလွန်အရေးကြီးကြောင်း၊ မြေဆီစိုခိုက် သစ်ပင်စိုက် ဆိုရိုးနှင့်အညီ ယခုကဲ့သို့ မုတ်သုန်မိုး ရွာသွန်းချိန်သည် မြေဆီလွှာများစိုစွတ်ပျော့ပျောင်းလာပြီး  ရေဓာတ်ပြည့်ဝလာသည့်အတွက်  အပင်ငယ်များ လွယ်ကူစွာ အမြစ်တွယ်ရှင်သန်ကြီးထွားရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံးအချိန် ဖြစ်ကြောင်း၊ သစ်ပင်များသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီကို အကာအကွယ်ပေးနိုင်မှာဖြစ် ကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင် များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြသည်။ 

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမင်းမင်း၊ ဦးဝင်းမြင့်ခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ တက် ရောက်ခဲ့ကြပြီး ယခုနှစ်မိုးရာသီတွင် ရတနာတန်းဝင်ကျွန်းပင် ၆၀၀ ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။