အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းမြှင့်တင်နိုင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၁၉ ရက်
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းမြှင့်တင်နိုင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးလာသည်ကို တွေ့ရှိရပါကြောင်း၊ စီးပွားရေးမူဝါဒများချမှတ်ရာတွင်လည်းတီထွင်ဖန်တီးမှုများ၊ အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရမည်ဖြစ်ရာ မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်းထားပြီးဖြစ်၍ မူပိုင်ခွင့်အကာအကွယ်ပေးသော စနစ်မှတီထွင်ဖန်တီးမှုများတိုးမြှင့်လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်းများမှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကို ပြဋ္ဌာန်းအကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များ၏အမှတ်တံဆိပ်များ၊ ပြင်ပအသွင်အပြင်ဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့် ဥပဒေများဖြင့်အကာအကွယ်ရယူနိုင်ပြီဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာမူပိုင်ခွင့်ကိုလျှောက်ထားလိုပါက ဆွေးနွေးပွဲတွင်သိရှိလိုသည်များကို အသေးစိတ်မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး အာဏာသက်ဝင်နိုင်ခဲ့ပြီဖြစ်၍ မူပိုင်ခွင့်လျှောက်ထားခြင်းများကို အီလက်ထရောနစ်စနစ်မှတစ်ဆင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှတစ်ဆင့်လည်းကောင်း လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိပြီးခွင့်ပြုသောမူပိုင်ခွင့်များကို မူပိုင်ခွင့်မှတ်ပုံတင်လက်မှတ်(Certificate)များ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ပြီးနောက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများကို လက်ခံဆောင်ရွက်မှု အချိန်ကာလသည် ၂ နှစ်ကျော် ရှိပြီဖြစ်ကာ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်လွှာအရေအတွက် ၆၀,၀၀၀ ကျော်ကို လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလျှောက်ထားချက်များကို နှစ်အလိုက်အစီအစဉ်တကျ ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများက အဆင့်ဆင့်စစ်ဆေး၍ အမှတ်တံဆိပ်မှတ်ပုံတင်ခွင့်ပြုပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ် အရေအတွက်ပေါင်း ၁၁၇၀၈စောင်အား ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်မိမိတို့၏အမှတ်တံဆိပ်များကို မူပိုင်ခွင့်လျှောက်ထားခြင်းဖြင့် မိမိတို့၏လုပ်ငန်းများ၊ အမှတ်တံဆိပ်များကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ယူနိုင်ခြင်း၊ မူပိုင်ခွင့်ပိုင်ရှင်နှင့်ဖန်တီးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းတွင် လိုအပ်ချက်များ လျှောက်လွှာပုံစံများ၊ အမှတ်တံဆိပ် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများအပြင် ပဲခူးတိုင်းဒေသကြီးရှိ ဒေသ ဆိုင်ရာအညွှန်းအဖြစ် အကာအကွယ်ရရှိနိုင်မည့် ဒေသထွက်ကုန်များအပေါ် ဒေသဆိုင်ရာ အညွှန်းအကာအကွယ်ရရှိနိုင်ရေး ပြင်ဆင်ထားရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခြင်းများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း( ၆၀ ) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
