BRICS အဖွဲ့တွင် မလေးရှားပါဝင်မှုက ကုန်သွယ်မှုနှင့် ကမ္ဘာ့လွှမ်းမိုးမှုတို့၌ တိုးမြှင့်နိုင်ကြောင်း ပညာရှင်များကသုံးသပ်
မလေးရှားနိုင်ငံသည် BRICS အဖွဲ့တွင် မိတ်ဘက်အဖြစ်ပါဝင်လာမှုက အဓိကကုန်သွယ်ဖက်များဖြစ်သော တရုတ်နှင့်အိန္ဒိယကဲ့သို့ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှု ပိုမိုလွယ်ကူချောမွေ့စေနိုင်ကြောင်း၊ ရှေးရိုးစွဲ အနောက်နိုင်ငံဈေးကွက်များအပေါ် မှီခိုနေခြင်းထက် ဈေးကွက်ဖြန့်ကျက်ခြင်းက မလေးရှားအတွက် ပိုမိုကြီးမားသောဈေးကွက်များကို တံခါးပွင့်စေကြောင်း Taylor's Business School မှ စီးပွားရေး ပညာရှင်များက သုံးသပ်ထားပါသည်။
BRICS နှင့် ပူးပေါင်းခြင်းဖြင့် မလေးရှားပို့ကုန်များဖြစ်သော စားအုန်းဆီ၊ လျှပ်စစ်ပစ္စည်းများနှင့် ရော်ဘာတို့ကို အိန္ဒိယနှင့် ဘရာဇီးဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါသည်။ မလေးရှားသည် ကမ္ဘာ့ငွေကြေးမူဝါဒများ ထိရောက်ရေး၊ အထူးသဖြင့် နိုင်ငံတကာကုန်သွယ်မှု၊ ရာသီဥတု အပြောင်းအလဲနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစသည့် ကမ္ဘာ့စီးပွားရေးတွင် BRICS ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပိုမိုတွင်ကျယ်စွာပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ASEAN-BRICS ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်ကာ ဒေသတွင်းနှင့်နိုင်ငံတကာ သံတမန်ရေး ရပ်တည်ချက်ကို မြှင့်တင်နိုင်ကြောင်း သုံးသပ်ထားပါသည်။
ထို့ပြင် မလေးရှားသည် အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစိမ်းရောင်စွမ်းအင်ကဲ့သို့ အရေးကြီးစီမံကိန်းများအတွက် ၂၀၁၄ ခုနှစ်တွင် BRICS က တည်ထောင်ခဲ့သော ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (New Development Bank -NDB) မှ ချေးငွေများ ရယူနိုင်သကဲ့သို့ ဘဏ္ဍာရေး အကျပ်အတည်းရှိသော အဖွဲ့ဝင်နိုင်ငံများအတွက် BRICS ၏ အကူအညီအစီအစဉ်များ၊ နည်းပညာ အလွှဲအပြောင်း၊ သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ ဉာဏ်ရည်တုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတို့တွင် ကျွမ်းကျင်မှုများကိုရရှိကာ အသိဉာဏ်အခြေခံစီးပွားရေး (knowledge based economy) သို့ ကူးပြောင်းနိုင်မည်ဖြစ်ပါသည်။
ပညာရှင်များက BRICS သည် အမေရိကန်နှင့်ဥရောပနိုင်ငံများ၏ ကမ္ဘာတလွှား လွှမ်းမိုးနိုင်မှုကို မျှခြေညီရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက တည်ထောင်ခဲ့ကြောင်း သုံးသပ်ထားသဖြင့် မလေးရှား အနေဖြင့် နိုင်ငံတကာ သဘောတူစာချုပ်များညှိနှိုင်းခြင်းနှင့် ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်ခြင်းတို့တွင် ပိုမိုမျှတသောအခြေအနေဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒတွင် အခွင့်အာဏာ ပိုမိုသက်ဝင်စေပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ အားနည်းချက်၊ အားသာချက်များအား သေချာချိန်တွယ်လျက် ရေရှည်အမျိုးသား အကျိုးစီးပွား၊ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များနှင့် ပြည်တွင်းဦးစားပေးကဏ္ဍများကို BRICS အဖွဲ့ဝင်မဖြစ်မီ ကြိုတင်ပြင်ဆင်ထား သင့်ကြောင်း သုံးသပ်ထားကြပါသည်။
ရင်းမြစ်။ Bernama