အမှတ်တံဆိပ်မှတ်ပုံတင်ကိုယ်စားလှယ်များအတွက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာလ ၆
    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ကိုယ်စားလှယ်များအတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို နိုဝင်ဘာလ ၆ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။
   အဆိုပါ မွမ်းမံသင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသော ကိုယ်စားလှယ်များမှ အမှတ်တံဆိပ်များလျှောက်ထားရာတွင် မူပိုင်ခွင့်ဦးစီးဌာနမှ တောင်းခံသည့် လိုအပ်ချက်များ၊ အကြောင်းပြန်ကြားခြင်းများ၊ ကန့်ကွက်ခြင်းများကို ဆောင်ရွက်ရာတွင် လွဲမှားမှုများ ရှိနေပါကြောင်း၊ အဆိုပါ လွဲမှားမှုများလျော့နည်းစေရန်၊ ကိုယ်စားလှယ်တစ်ယောက်၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို ပိုမိုသိရှိနားလည်စေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ရာတွင် ဝန်ဆောင်မှု ကောင်းမွန်စွာပေးနိုင်ရန်၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ယခုလို မွမ်းမံသင်တန်းကို ဖွင့်လှစ်ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပြီး၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းတွင် လွဲမှားလေ့ရှိသောအချက်များ၊ လျှောက်လွှာများ အခကြေးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
   ဆက်လက်၍ မူဝါဒနှင့်စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းတွင် လွဲမှားလေ့ရှိသော အချက်များနှင့် WIPO File Account အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အိုင်တီဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးသွယ်က Online Filing (WIPO FILE) စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနေအောင်မျိုးက အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ အမျိုးအစားခွဲခြားခြင်းအတွက် လက်တွေ့ဆောင် ရွက်ခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
   ထို့နောက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ အမှတ်တံဆိပ်မှတ်ပုံတင်ကိုယ်စားလှယ်များ၊ စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ပြီး အဆိုပါမွမ်းမံသင်တန်း ကို ၆-၁၁-၂၀၂၄  ရက်နေ့မှ ၈-၁၁-၂၀၂၄ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။