ကုန်စည်များဆိုင်ရာရန်ပုံငွေအဖွဲ့က လုပ်ကွက်ငယ် လယ်သမားများအား ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုကာကွယ်ရေး စည်းမျဉ်း (EUDR) နှင့် အညီ ထုတ်လုပ်နိုင်ရန် ကူညီနေ

၂၀၂၃ ခုနှစ်၊ ဇွန်လတွင် စတင်အသိပေးခဲ့သော ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုကာကွယ်ရေး စည်းမျဉ်း (EUDR) အရ ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ စည်းမျဉ်းနှင့်အညီ ထုတ်လုပ်နိုင်ခြင်းမရှိသော လုပ်ကွက်ငယ် လယ်သမားများသည် ဥရောပဈေးကွက်မှ ဖယ်ထုတ်ခံရမည့်အခြေအနေတွင် ရှိနေပါသည်။ 

အဆိုပါစည်းမျဉ်းအား ကြားကာလ ၁၈ လ ခွင့်ပြုထားပြီး အီးယူသို့ တင်သွင်းသည့် ပဲပိစပ်၊ ကော်ဖီ၊ ကိုကိုး၊ သစ်၊ ရာဘာ၊ အမဲသားနှင့် ဆီအုန်းစသည့် ကုန်စည်များအား သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်ခြင်း ရှိ/မရှိကို စစ်ဆေးပြီးမှ တင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။ ထို့ကြောင့်အဆင့်မြင့်နည်းပညာသုံး ကိရိယာများမတတ်နိုင်သော လုပ်ကွက်ငယ် လယ်သမား ထောင်ပေါင်းများစွာသည် သစ်တောပြုန်းတီးမှု၏ အဓိကတရားခံများမဟုတ်သော်လည်း ဈေးကွက်ပြင်ပသို့ ရောက်ရှိစေနိုင်ပါသည်။

လုပ်ကွက်ငယ်လယ်သမားများအတွက် EUDR စည်းမျဉ်းအတားအဆီးကို ကျော်လွှားနိုင်ရန် ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့က နယ်သာလန်အခြေစိုက် နည်းပညာကုမ္ပဏီ Satelligence ကို လုပ်ငန်းလည်ပတ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိ ကိရိယာများ ရင်းနှီးနိုင်ရန် ကူညီနေပါသည်။ ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သော Satelligence သည် မြေပြင်ဝန်ထမ်းများအပြင် အဝေးထိန်းစနစ် အာရုံခံနည်းပညာ၊ ဂြိုလ်တုပုံရိပ်များနှင့် ပြဿနာဖြေရှင်းနည်း အယ်လဂိုရီသမ်များ အသုံးပြု၍ သစ်တော ပြုန်းတီးမှုစောင့်ကြည့်ရေး ၊ မြေယာအသုံးချမှုနှင့် မြေပုံရေးဆွဲရေး၊ ထောက်ပံ့ရေးကွင်းဆက် ပွင့်လင်းမြင်သာမှုရှိရေး စသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေပါသည်။ 

EUDR ကို လိုက်နာခြင်းမရှိပါက များပြားသောငွေဒဏ်နှင့်ကုန်စည်များဖမ်းဆီးခြင်းတို့ ခံရမည်ဖြစ်သောကြောင့် Uniliver ၊ Nestle ၊ Cargil စသည့် ကုမ္ပဏီကြီးများက Satelligence ၏ အကူအညီဖြင့် ဆီအုန်းနှင့် ကိုကိုးဈေးကွက်များ၏ ၆၀ % မှ ၇၀ % ကို တင်သွင်းလျှက်ရှိပါသည်။ Satelligence ၏ နည်းပညာကို ကမ္ဘာအနှံ့ ကော်ဖီ၊ ပဲပိစပ်၊ ရော်ဘာနှင့်အုန်းစသည့် ကုန်စည်များ၏ တန်ဖိုးကွင်းဆက်များတွင် သိသိသာသာ အသုံးပြုလျက်ရှိပါသည်။

လုပ်ကွက်ငယ်တောင်သူများ EUDR အခက်အခဲအတွက် အဖြေရှာနိုင်ရန် ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့က Satelligence သို့ ကူညီမှုသည်သစ်တောပြုန်းတီးမှု လျော့ချရေးနှင့်သစ်တောပြုန်းတီးမှုသည် တောင်သူလယ်သမားများကြောင့်မဟုတ်ကြောင်း သက်သေ ပြနိုင်ရေးဖြစ်ပါသည်။ လုပ်ကွက်ငယ်လယ်သမားများအနေဖြင့် Satelligence ၏ ဝန်ဆောင်မှုဖြစ်သော စောင့်ကြည့်ရေးလုပ်ငန်းကို ဈေးသက်သာစွာဖြင့် ရယူနိုင်ရန် Satelligence သည် အစိုးရမဟုတ်သော လူမှုစီးပွားအဖွဲ့အစည်းများဖြစ်သည့် Solidaridad နှင့်Fairtrade International တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါသည်။ 

ကုန်စည်များဆိုင်ရာရန်ပုံငွေအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက EUDR သည် အလွန်အရေးကြီးသော်လည်းလိုက်နာရန် ကုန်ကျစ ရိတ်မတတ်နိုင်သော တောင်သူများအတွက် အတားအဆီးမဖြစ်သင့်ကြောင်း၊ အီးယူကဲ့သို့ ကြီးမားပြီးတန်ဖိုးရှိသော ဈေးကွက်ကို ဆုံးရှုံးရခြင်းသည် နိုင်ငံအများစုအတွက် စိတ်ပျက်စရာဖြစ်ကြောင်း၊ ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့သည် အဆင့်မြင့်နည်းပညာ၏ အကျိုးအမြတ်ကို လုပ်ကွက်ငယ်တောင်သူများရရှိရန် နည်းလမ်းရှာဖွေလျက်ရှိပါကြောင်း၊ နည်းပညာသည် စိန်ခေါ်မှု များကို ဖြေရှင်းရန်နှင့်ဆင်းရဲသားများ၏ လူမှုဘဝကို အပေါင်းလက္ခဏာဖြင့် အကျိုးရှိစေကြောင်း သိရှိရန် ယခုအကူအညီမှ နမူနာပြခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ 

ရေရှည်တည်တံ့သော ထောက်ပံ့ရေးကွင်းဆက်များနှင့် စားနပ်ရိက္ခာစနစ်ဖန်တီးရန် အလေးထားလာသည်နှင့်အမျှ လုပ်ကွက်ငယ်တောင်သူများ၏ အခက်အခဲများကိုသိရှိရန်နှင့် ဖြေရှင်းပေးရန် အရေးကြီးလာပြီဖြစ်ပါသည်။ ထိုအခါ နည်းပညာသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ရင်းမြစ်။        CFC Newsletter