တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကော်ဖီစေ့နှင့် ဆေးရွက်ကြီး တင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံတွင် စျေးကွက်ဝင် ကော်ဖီမျိုးကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ပြင်ဦးလွင်၊ ရွာငံ၊ မိုင်းကိုး၊ ကျိုင်းတုံ၊ ကလောတို့မှ ဒေသထွက်ကုန်ဖြစ်သည့် ကော်ဖီစေ့ကို ပို့ကုန်လိုင်စင်လျှောက်ထားရယူခြင်း၊ ပို့ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR Code) လျှောက်ထားရယူခြင်း၊ ED ဖွင့်လှစ်ဆောင်ရွက်ခြင်းများပြုလုပ်၍ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ထိုင်းနိုင်ငံသို့ မယ်ဆိုင်မြို့မှတဆင့် တင်ပို့လျက်ရှိသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ကော်ဖီစေ့ကို တာချီလိတ်ကုန်သွယ်ရေးစခန်းမှ နှစ်စဉ်တင်ပို့ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၁၆၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၀) သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇူလိုင်လ ဒုတိယ အပတ်တွင် ကော်ဖီစေ့တန်ချိန် (၁၇) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၄၂) သန်း တင်ပို့နိုင်ခဲ့ပါသည်။တစ်ဖက်နိုင်ငံသို့ ရောင်းချသည့် ကော်ဖီစေ့ ဈေးနှုန်းမှာ (၁) Kg လျှင် ၁၄၀ မှ ၁၆၀ ဘတ်ကြား ရှိကြောင်း သိရှိရသည်။

ဆေးရွက်ကြီးကို မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းမိုးနည်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ပခုက္ကူဒေသထွက် ဆေးရွက်ကြီးများကို တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ တင်ပို့မှုပြုလုပ်ခဲ့ပါသည်။ ယခင်တင်ပို့မှုမရှိသည့် ပို့ကုန်ပစ္စည်း အမျိုးအမည်အသစ်ဖြစ်ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် (၁၃၉.၁၅၄) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၇၀) သန်းတင်ပို့နိုင်ခဲ့သည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်စပိုင်းတွင်လည်း ဧပြီ၊ မေလများတွင် တင်ပို့မှုမရှိဘဲ ဇွန်လတွင်မှ ဆေးရွက်ကြီးတန်ချိန် (၃၂.၈၇၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၇) သန်း တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လ ဒုတိယပတ်ကာလအထိ ဆေးရွက်ကြီးတန်ချိန် (၃၁.၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၅) သန်း တင်ပို့နိုင်ခဲ့သည်။