ကမ္ဘောဒီးယား-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့မှုအား တောင်ကိုရီးယား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့

ကမ္ဘောဒီးယား-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (Cambodia-Korea Free Trade Agreement - CKFTA) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် အာရှ၏ စတုတ္ထ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားသို့ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန် တိုးလာရန် မျှော်မှန်းထားပါသည်။

ကမ္ဘောဒီးယား-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် နှစ်ဖက်စလုံးမှ ၎င်းတို့၏ ပြည်တွင်းရေးလုပ်ထုံးလုပ်နည်းများ ပြီးမြောက်ပြီးသည့်နောက် ရက်ပေါင်း (၆၀) အကြာတွင် အသက်ဝင်မည်ဖြစ်သည်။

အဆိုပါသဘောတူညီချက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယမြောက် နှစ်နိုင်ငံလွတ်လပ် သော ကုန်သွယ်မှုသဘောတူညီချက် ဖြစ်လာမည်ဖြစ်သည်။ ပထမဆုံးရေးထိုးခဲ့သည် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (Cambodia-China Free Trade Agreement - CCFTA) သည် ကမ္ဘောဒီးယားနိုင်ငံတွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership - RCEP) စတင်အသက်ဝင်သည့်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့ပါသည်။

RCEP သည် အာဆီယံ၏ အစပျိုးမှုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ်ဖြစ်ပါသည်။ အဆိုပါစာချုပ်တွင် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံအပြင် အာရှ-ပစိဖိတ် (၅) နိုင်ငံဖြစ်သည့် ဩစတေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီယားနိုင်ငံတို့လည်း ပါဝင်ပါ သည်။

RCEP နှင့်ယှဉ်တွဲလျက် ကမ္ဘောဒီးယား-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုသဘော တူညီချက်အောက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ကုန်စည်ကုန်သွယ်မှု (၉၃.၈) ရာခိုင်နှုန်းအပေါ် အကောက်ခွန်များ ရုတ်သိမ်းမည်ဖြစ်ပြီး တောင်ကိုရီးယားမှ (၉၅.၆) ရာခိုင်နှုန်းအပေါ် အကောက်ခွန် များ ရုတ်သိမ်းမည်ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကမ္ဘောဒီးယား-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (CKFTA) သည် တင်ပို့မည့် ကမ္ဘောဒီးယား ကုန်ပစ္စည်း (၁၀၀၀၀) ကျော်ကို တောင်ကိုရီးယားသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဈေးကွက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

CKFTA သဘောတူညီချက်အောက်တွင် အကောက်ခွန်သက်သာခွင့်နှင့်ကင်းလွတ်ခွင့်ရရှိသည့် ကုန်ပစ္စည်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် ပြုပြင်ပြီးလယ်ယာထွက်ကုန်များ၊ အဝတ်အထည်များ၊ အထည် အလိပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ပစ္စည်းအစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ နှင့် အခြား စက်မှုလုပ်ငန်းသုံးပစ္စည်းများ ပါဝင်ကြောင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့တွင် Sovicheat က The Phnom Penh Post သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

အဆိုပါသဘောတူညီချက်တွင် RCEP ၌ အခွန်ကင်းလွတ်ခွင့်မရရှိသည့် ကမ္ဘောဒီးယား ကုန်ပစ္စည်းအချို့အတွက်  ကိုရီးယားဘက်မှ အကောက်ခွန် လျှော့ချမှုများ ပါဝင်မည်ဖြစ်ကြောင်း Sovicheat က ပြောကြားခဲ့သည်။

အဆိုပါ CKFTA သဘောတူညီချက်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ၂၀၁၉ ခုနှစ်၊ မတ်လတွင် တောင်ကိုရီးယား၊ သမ္မတမွန်ဂျေအင်းနှင့်တွေ့ဆုံရန် တရားဝင်လာရောက် လည်ပတ်စဉ် က စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ CKFTA သဘောတူညီချက်ကို ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Pan Sorasak နှင့် တောင်ကိုရီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး Yeo Han-koo တို့က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့ သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ကမ္ဘော ဒီးယား-ကိုရီးယားနှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်၊ ပထမ ရှစ်လတွင် ကန်ဒေါ်လာ (၅၄၉.၉၃၀) သန်းရှိပြီး ယခင်နှစ် ကာလတူထက် (၆.၄၂) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ (၁၅၆.၆၁၉) သန်းရှိပြီး ယခင်နှစ် ကာလတူထက် (၂၁) ရာခိုင်နှုန်း တိုးမြင့်လာပြီး ကမ္ဘောဒီးယားနိုင်ငံ၏ သွင်းကုန်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၃၉၃.၃၁၂) သန်းရှိပြီး ယခင်နှစ်ကာလတူထက် (၁.၅၄) ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ ထိုကာလအတွင်း တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ (၂၃၆.၆၉၃) သန်းဖြစ်ပြီး (၈.၂၃) ရာခိုင်နှုန်းသို့ ကျဆင်းသွားပါကြောင်း www.phnompenhpost.com သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။

Source: www.phnompenhpost.com