အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် နိုင်ငံခြားငွေကြေးအသုံးပြုခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် နိုင်ငံခြားငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ ၂၀  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည့် အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် နိုင်ငံခြားငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ အတွင်း‌ရေးမှူး၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဦးသန်းညိန်း၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအဖွဲ့ ဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမိန့် ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်း၏ အပိုဒ် ၃ အရ ဗဟိုဘဏ်မှ ကင်းလွတ်ခွင့်များနှင့် စပ်လျဉ်းပြီး မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းများဆောင်ရွက်ပါက ပြည်တွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ဘဏ်များ အကြားချိတ်ဆက်၍ လုပ်ငန်းများလျင်မြန်ချောမွေ့စေရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် ကုန်ထုတ်လုပ်မှုစာရင်းများကို ပြုစုထားရန်လိုအပ်ကြောင်း၊ နိုင်ငံခြားသုံးငွေနှင့် ပြည်တွင်းငွေကြေးကို ဥပဒေနှင့် အညီသုံးစွဲသွားရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ နှင့်ပတ်သက်၍ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း အထူးစီးပွား ရေးဇုန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း၊ အခက်အခဲများရှိပါက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်း တင်ပြနိုင်ပါကြောင်း ပြောကြားခဲ့သည်။

        ထို့နောက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားရာတွင် နိုင်ငံခြားငွေမရှိသည့်ကုမ္ပဏီများအနေဖြင့် မြန်မာကျပ်ငွေမှ နိုင်ငံခြားငွေသို့ပြောင်းလဲ၍ ပြည်ပရှိ Supplier သို့ပေးချေနိုင်ပြီး  အဆိုပါငွေပေးချေမှု အ တွက်  Standard Operating Procedure (SOP) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနက မူကြမ်းပြုစုနေပြီး မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များရှိ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ၏ နိုင်ငံခြားငွေကြေး အသုံးပြုခြင်းကိစ္စများ လျင်မြန်ချော မွေ့စေရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား အထူး စီးပွားရေးဇုန်တွင်ရှိသော လုပ်ငန်းရှင်များသိရှိနိုင်ရန်အတွက် ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မ တီ ဥက္ကဋ္ဌများနှင့်  သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများက ဝိုင်းဝန်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌတို့မှ ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

          ဆက်လက်၍ (၁၁:၀၀) နာရီအချိန်တွင် ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ၏ ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချော မွေ့စေရေးအတွက် နိုင်ငံခြားငွေကြေး အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြားရာတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများ ကုန်သွယ်မှုပြုရန်အလို့ငှာ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်း ခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ပို့ကုန် / သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်နေသည့်ကိစ္စရပ်များကို နားလည်သိရှိနိုင်ရန်အတွက် ရှင်းလင်းပေးခြင်းဖြစ်ကြောင်း၊ အချက်အလက်များပေါ်မူတည်၍ ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် ငွေပေးချေမှုများ၊ ငွေထုတ်ယူရာတွင် အခက်အခဲဖြစ်သည့်ကိစ္စရပ်များကို ဖြေရှင်း ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ဖြေရှင်းပေးရာတွင် ဦးစားပေး အုပ်စုအလိုက် အုပ်စု (၅)စုခွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပို့ကုန်/သွင်းကုန်စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ကိစ္စရပ်များဆောင်ရွက်ရာတွင် ကောင်းသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှုဖြစ်သော်လည်း  Private Sector ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုတို့နှင့် ဆိုင်သည့် ပုဂ္ဂိုလ်များအပါအဝင် သက်ဆိုင်သည့်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ် ဥက္ကဋ္ဌတို့မှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ ညီနောင်အသင်းအဖွဲ့များ၊ ကုမ္ပဏီ များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။