ကုန်သွယ်မှုသတင်းအချက်အလက်ကွန်ယက် (Trade Information Network-TIN) ဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် သတင်းအချက်အလက် ရရှိဖလှယ်နိုင်ရေး နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်း

Mon, 02/22/2016 - 04:31 -- ictuser

အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ဦးစားပေးကဏ္ဍများတွင် တစ်ခုအပါအဝင်ဖြစ်သော ကုန်သွယ်မှုသတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍတို့ကို ဆက်စပ်အကောင်အထည်ဖော်မည့် ကုန်သွယ်မှုသတင်းအချက်အလက်ကွန်ယက် (Trade Information Network - TIN) စတင်တည်ထောင်ခြင်းအတွက် ဒီဇိုင်းရေးဆွဲရာတွင် လိုအပ်သော ကုန်သွယ်မှုနှင့်ဆက်စပ်သတင်းအချက်အလက်များ ရရှိဖလှယ်နိုင်ရေး ရည်ရွယ်ကာ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့ထိ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

              ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ကုန်သွယ်မှုသတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်  စသည်တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC-International Trade Center) မှ နိုင်ငံတကာအကြံပေး Mr. Bastiaan Bijil နှင့် Mr. Onno Roukens တို့ တက်ရောက်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

              ဖေဖော်ဝါရီလ (၁၆) ရက်နေ့အစည်းအဝေးကို ရုံးအမှတ် (၃)၊ နေပြည်တော်တွင် ကျင်းပခဲ့ပြီး နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ အကြံပေးပုဂ္ဂိုလ်နှစ်ဦး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

              ITC မှ နိုင်ငံတကာအကြံပေး Mr. Bastiaan Bijil နှင့် Mr. Onno Roukens တို့သည် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ပါသည်။

              ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ဆွေးနွေးညှိနှိုင်းမည့်အဖွဲ့အစည်းများဖြစ်သော  ကုန်သွယ်မှုသတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍ လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန  စသည်တို့မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

              ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ကုန်သွယ်မှုသတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍလုပ်ငန်းအဖွဲ့နှင့် အကြံပေး Mr. Bastiaan Bijil၊ Mr. Onno Roukens တို့ တွေ့ဆုံကာ ယခုတစ်ပတ်အတွင်းဆွေးနွေးခဲ့မှုများအား ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

              ယခုကျင်းပခဲ့သော ရက်သတ္တပတ်အစည်းအဝေးသည် ကုန်သွယ်မှုနှင့်ဆက်စပ်လျက်ရှိသော သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ တာဝန်ယူကာ ကောက်ခံပေးမည့် ဌာနဆိုင်ရာသတင်းအချက်အလက်များကို ကုန်သွယ်မှုသတင်းအချက်အလက်ကွန်ယက်ကြီးတွင် ပါဝင်ထည့်သွင်းဖော်ပြနိုင်ရေးအတွက် သတင်းအချက်အလက်အမျိုးအစားများအလိုက် အရေးကြီးအဆင့်သတ်မှတ်ခြင်း၊ အဆိုပါသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ လွယ်ကူလျင်မြန်စွာ ကောက်ယူနိုင်မည့်နည်းလမ်းများ၊ ကောက်ယူရရှိသော သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ မှန်ကန်မြန်ဆန်စွာ စီးဆင်နိုင်ရေး စသဖြင့် သတင်းအချက်အလက်များ တစ်နေရာတည်းတွင် စုစည်းဖော်ပြနိုင်ခြင်းဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အထောက်အကူပြုမည့် နည်းလမ်းကောင်းများကို တွေ့ဆုံဆွေးနွေး ဖလှယ်ကာ အကောင်းဆုံးကွန်ယက်တစ်ခု ဖန်တီးဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြုလုပ်သော အစည်းအဝေးတစ်ခုဖြစ်ပြီး သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ၏ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုများမှတစ်ဆင့် ကုန်သွယ်မှု သတင်းအချက်အလက်ကွန်ယက်ကြီး မကြာမီကာလအတွင်း ပုံဖော်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။

Local Trade News

Pages