အေအီးစီက ဥရောပသမဂ္ဂလိုအဖြစ်မျိုးဖြစ်လာလိမ့်မည် မဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

ယခုနှစ်အကုန်မှာ  ဖွဲ့စည်းတော့မယ့် အာဆီယံစီးပွားရေး အသိုက်အဝန်း(ASEAN  Economic Community-AEC)  က ဥရောပသမဂ္ဂ (အီးယူ)လို   အလားတူ အဖြစ်မျိုး  ရောက် ရှိ သွားမှာ မဟုတ်ကြောင်း ဂျာမန်ကုန်သည်များနဲ့  စက်မှုလုပ်ငန်းရှင်များအဖွဲ့က တည်ခင်းဧည့်ခံတဲ့ အလုပ်သဘော  နေ့လယ်စာစားပွဲမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ကေရှန်မူဂမ်က ဇူလိုင်လ ၇ ရက်နေ့မှာ ပြောပါ တယ်။အာဆီယံတစ်ခုလုံးကို   စီးပွားရေးအရ  ပေါင်းခြုံကြည့်မယ် ဆိုရင် ကမ္ဘာပေါ်မှာ သတ္တမမြောက်အကြီးဆုံးအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ဂျီဒီပီက အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံရှိပါ တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းက တစ်နှစ်ကို ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ၂၀၂၀ ပြည့်နှစ်အရောက်မှာ   အမေရိကန်ဒေါ်လာ ၄ ထရီလီယံလောက်ထိရှိမယ်လို့ ခန့်မှန်းထားပါ တယ်။အာဆီယံအတွင်းမှာကြည့်မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေအချင်း ချင်း စီးပွားရေးတန်ဖိုး စနစ်၊ လူဦးရေ၊ ယဉ်ကျေးမှုနဲ့ လူနေမှု အဆင့် တွေက အကြီးအကျယ်ကွဲပြားခြားနားမှုတွေရှိနေပါတယ်။ ဒါပေမယ့် အေအီးစီက ထူးခြားတဲ့စီးပွားရေး  လှုံ့ဆော်အားပေးမှုဖြစ်လာပြီး အဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ ထက်မြက်တဲ့စွမ်းအားတွေနဲ့ အပြန်အလှန် အားဖြည့်သွားမှာဖြစ်ကြောင်း မစ္စတာရှန်မူဂမ်ကပြောပါတယ်။စီးပွားရေးအရ  အေအီးစီ ကိုတစ်ခုတည်းသော ထုတ်လုပ်မှု ဗဟိုဌာနအဖြစ် ကြည့်မယ်ဆိုရင်အဓိပ္ပာယ် အများအပြားဖွင့်ဆိုနိုင်မှာ ဖြစ်ကြောင်း၊ စင်ကာပူက ငွေရင်းစိုက်ထုတ်ပြီး ထုတ်လုပ်မှုကို  တခြား နေရာမှာ  ဆောင်ရွက်နိုင်မယ်။ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အလွယ်တကူ ရွှေ့ပြောင်းနိုင်မယ်လို့ သူကပြောပါတယ်။အီးယူဟာ အာဆီယံဒေသရဲ့  ဒုတိယ အကြီးဆုံး  ကုန်သွယ်ဖက် ဖြစ်တဲ့အတွက် EU ကဒီဒေသတွင်းမှာ ကူးသန်းရောင်းဝယ်မှုကိုအဓိက ဦးတည်ချက်ထားမှာ ဖြစ်ပါတယ်။  ဒေသနှစ်ခုအတွင်းမှာ  တည်ရှိနေ တဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကို တိုက်ဖျက်ရာမှာ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုဆောင်ရွက်မယ့်   အလား အလာတွေ တည်ရှိနေကြောင်း သူကပြောပါတယ်။စင်ကာပူနိုင်ငံက မြို့ပြနိုင်ငံငယ်ကလေးဖြစ်တဲ့ အတွက် စိန် ခေါ်မှုတွေက  ထူးထူးခြားခြား ရှုပ်ထွေးပါတယ်။ ဒါကြောင့် ခိုင်မာ တဲ့ဦးဆောင်မှုက အရေးပါတယ်လို့သူကပြောပါတယ်။