ကိုရီးယားအိမ်ထောင်စုချေးငွေများ ဇန်နဝါရီလက အမြင့်ဆုံးဖြစ်ခဲ့

   ကိုရီးယားဘဏ်များအပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများက အိမ်ထောင်စုများသို့ထုတ်ချေးငွေသည် ဇန်နဝါရီလအတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည်။ ကိုရီးယားဗဟိုဘဏ် ၏ မတ် ၁၀ ရက်က ထုတ်ပြန်သောစာရင်းအရ ဇန်နဝါရီလအတွင်း အိမ်ထောင်စုများသို့ ထုတ်ချေးငွေ ဝမ် ၇၄၆ ဒသမ ၅ ထရီလီယံရှိပြီး၊ ယခင်လကထက် ဝမ် ၇၀၀ ဘီလီယံပိုခဲ့ သဖြင့် လစဉ်ထုတ် ချေး ငွေပိုလာနေခြင်းမှာ ၁၂ လရှိနေပြီဖြစ်ကြောင်းသိရှိရသည်။

   အမှန်တကယ်တွင် ဇန်နဝါရီလသည် ချေးငွေထုတ်ပေးမှု ပုံမှန်အားဖြင့် အနည်းဆုံးဖြစ်လေ့ရှိသော်လည်း ယခုနှစ် ဇန်နဝါရီလသည် အိမ်ထောင်စုချေးငွေအများဆုံးဖြစ်ခဲ့ သည့် ဇန်နဝါရီလဖြစ်ကြောင်းဗဟိုဘဏ်၏ ၂၀၀၃ ခုနှစ်ကတည်းက စုစည်းထားသော အချက်အလက်များကဖော်ပြခဲ့သည်။ ဇန်နဝါရီလအတွင်း အိမ်ထောင်စုချေးငွေများတိုး လာခြင်းမှာ အိမ်ခြံမြေ ရောင်းဝယ်မှု/ငွေလွှဲပြောင်းမှုများအပေါ် အစိုးရက ကြိုးနီစနစ်များဖြေလျှော့ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ဇန်နဝါရီလတစ်လတည်းတွင် အိမ်ခြံမြေရောင်း ဝယ်မှုအတွက် ငွေလွှဲပြောင်းသည့်အကြိမ်ရေ ၇၉,၃၀၀ ကြိမ်ရှိခဲ့ပြီး၊ ယခင်နှစ်အလား တူကာလထက် ၃၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့