၂၀၀၈ ခုနှစ် နောက်ပိုင်း အင်ဒိုနီးရှားမှ စားအုန်းဆီတင်ပို့မှု အရှည်ကြာဆုံးကျဆင်း

   ကမ္ဘာပေါ်မှာ စားအုန်းဆီအများဆုံးထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှုက ဖေဖော်ဝါရီလမှာ စတုတ္ထမြောက်လအဖြစ်ကျဆင်းခဲ့ပါတယ်။ ယခုလိုကျဆင်းလာတာဟာ တရုတ်နိုင်ငံအနေနဲ့ အစားအစာနဲ့ လောင်စာဆီအတွက် စားသုံးဆီဝယ်ယူမှုကိုလျှော့ချလိုက်ပြီး ခုနစ်နှစ်အကြာမှာ အရှည်ကြာဆုံးကျဆင်း မှုဖြစ်ကြောင်း ဘလွမ်းဘတ်သတင်းမှာဖော်ပြထားပါတယ်။

   စားအုန်းဆီတင်သွင်းမှုက ဇန်နဝါရီလမှာ တန် ၁ ဒသမ ၈ သန်းရှိရာမှ ဖေဖော်ဝါရီလမှာ ၁ ဒသမ ၇၉ သန်းထိ ကျဆင်းခဲ့ ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း (Gapki)က မတ်လ ၁၉ ရက်ကပြောပါတယ်။ တရုတ်နိုင်ငံသို့တင်ပို့မှုက ဖေဖော်ဝါရီ လမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းပြီး တန်ချိန် ၅၈၉၈၀ ရှိခဲ့ကြောင်း ကိန်းဂဏန်းအချက် အလက်တွေအရသိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ပို့ကုန်ကျဆင်းမှုက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ ဒုတိယနေရာမှာရှိနေတဲ့ မလေးရှားနိုင်ငံရဲ့တင်ပို့မှုအခြေအနေကို မီးမောင်းထိုးပြလျက်ရှိပါတယ်။ မလေးရှားနိုင်ငံရဲ့ ကျဆင်းမှုဟာ ဖေဖော်ဝါရီလ ၂၀၀၇ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးနှုန်းထိကျဆင်းခဲ့ပါတယ်။

   တရုတ်နိုင်ငံရဲ့  စီးပွားရေးနှေးကွေးကျဆင်းမှုနဲ့ ပဲပုပ်ဆီအပါအဝင် အစားထိုးဆီများရဲ့ ဈေးနှုန်းသက်သာမှုကြောင့် စားအုန်းဆီဝယ်လိုအားကို ကျဆင်းစေခဲ့ပါတယ်။ ဘာဆာ မလေးရှားကုန်စည်ဒိုင်မှာ ဇွန်လအတွက်ချုပ်ဆိုထားတဲ့ စားအုန်းဆီဈေးက ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၁၃၄ ရင်းဂစ်  (၅၇၆ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။

   အင်ဒိုနီးရှားနိုင်ငံအနေနဲ့  ဘင်္ဂလားဒေ့ရှ် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကစတဲ့နိုင်ငံတွေကို  စားအုန်းဆီတင်ပို့မှုကျဆင်းခဲ့ပါတယ်။ စားအုန်းဆီအများဆုံးဝယ်ယူတဲ့ အိန္ဒိယနိုင်ငံ ကို တင်ပို့မှုက ၄၇ ရာခိုင်နှုန်းမြင့်တက်ပြီး ၄၃၉၇၂၀ တန်ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံကိုတင်ပို့မှုက ၆၅ ရာခိုင်နှုန်းမြင့်တက်ပြီး ၆၈၃၉၀ တန်ရှိခဲ့ကြောင်း Gapki  ကပြောပါ တယ်။

   ဖေဖော်ဝါရီလအတွင်းမှာ မလေးရှားနိုင်ငံမှ တင်ပို့မှုက ၁၈ ရာခိုင်နှုန်းကျဆင်းပြီး ၉၇၁၆၄၀ တန်ရှိခဲ့ပါတယ်။ ဒါကြောင့် ပထမနှစ်လအတွင်းကျဆင်းမှုက ၂၀ ရာခိုင်နှုန်းရှိ ခဲ့ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ရဲ့  ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။  စားအုန်းဆီရဲ့ ပျမ်းမျှဈေးနှုန်းက တစ်တန်ကို ဒေါ်လာ ၇၅၀ အောက်ရှိနေဆဲဖြစ်တဲ့ အတွက် စားအုန်းဆီတင်ပို့ခွန်ကို သုည ရာခိုင်နှုန်းထိ လျော့ချထားတာကို ဧပြီလမှာ ဆက်လက်သက်တမ်းတိုးသွားမှာဖြစ်ကြောင်း Gapki ကပြောပါတယ်။

ဉာဏ်တင်