အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နာသန် ကွင်းစလန်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်

   အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းနာသန်သည် သြစတြေးလျနိုင်ငံကမ်းခြေမြို့ဖြစ်သည့် ကွင်းစလန်ပြည်နယ်မြောက်ပိုင်းဒေသများကိုဖြတ်ကျော်ကာ လမ်းကြောင်းပြောင်း ၍ ဆော်လမွန်ကျွန်းစုဆီသို့ဦးတည်သွားကြောင်း သြစတြေးလျနိုင်ငံ မိုးလေဝသဗျူရို၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။

   မူလထုတ်ပြန်ချက်များအရ အဆိုပါမုန်တိုင်းသည် ကွင်းစလန်ပြည်နယ်ကိုဖြတ်၍ ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသော်လည်း ကမ်းခြေနှင့်နီးကပ် လာချိန်တွင် လမ်းကြောင်းပြောင်းသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

   သို့သော် အဆိုပါမုန်တိုင်း၏အရှိန်ကြောင့်  ကွင်းစလန်ပြည်နယ်တွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မိုးရေချိန် ၁၁၀ မီလီမီတာအထိ စံချိန် တင်လောက်အောင် ရွာသွန်းခဲ့သည့်မိုးကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရသည်။

   မုန်တိုင်းတိုက်ခတ်မှုဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် ကွင်းစလန်ပြည်နယ်အတွင်းရှိ ကြံစိုက်ခင်းများအားလုံး နီးပါးလဲပြိုကျကာ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်းဖြင့် ဘီဘီစီသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

   ကွင်းစလန်ပြည်နယ်မှ ကယ်ဆယ်ရေးလုပ်သားများက Lockhart မြစ်ရေလျှံတက်မှုကို ကာကွယ်ရန်ရေတားတမံများပြုလုပ်ခဲ့ကြပြီး စောင့်ကြည့်ခဲ့ ကြကြောင်း၊ သို့သော် အဆို ပါမြစ်ရေသည် စိုးရိမ်ရေမှတ်အထိတက်လာခဲ့သော်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

   Lizard ကျွန်းတွင်မူ ကြိုတင်သတိပေးချက်များအရ ကျွန်းပေါ်မှ ပြည်သူများအား မုန်တိုင်းတိုက်ခတ်မှုမှကင်းလွတ်ရာသို့ ပြောင်းရွှေ့ထားခဲ့ကြောင်းသိရသည်။ မုန်တိုင်း၏ အရှိန်ကြောင့် ကွင်းစလန်မြို့ အနီးတစ်ဝိုက်တွင်  စံချိန်တင်လောက်အောင် မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

မယ်သီတာ