ကားမီးခိုးထွက်ခြင်းကိုကန့်သတ်သည့် ဥပဒေသစ်ကြောင့် တောင်ကိုရီးယားလုပ်ငန်းသုံးယာဉ်ဈေးကွက်လှုပ်ရှား

   ပြည်တွင်းကားထုတ်လုပ်သူများနှင့် ပြည်ပမှကားထုတ်လုပ်သူများအချင်းချင်း ယှဉ်ပြိုင်မှုပြင်းထန်လာခြင်းသည် လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်သည့်ကဏ္ဍကိုပါ ရိုက်ခတ် လာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ဥရောပနိုင်ငံများတွင်ကျင့်သုံးနေသည့် မော်တော်ကားမီးခိုးထုတ်မှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက် (Euro6) ကို ယခုနှစ်စတွင် စတင်ကျင့် သုံးပြီးသည့်အချိန်မှစ၍ မော်တော်ကားထုတ်လုပ်သူများသည် CO2 emission rule နှင့်ကိုက်ညီသည့် မော်တော်ကားမော်ဒယ်သစ်များကို အပြိုင်အဆိုင်ထုတ်လာခဲ့ကြသည်။

   ဗော်လ်ဗို၏ ကျော်ကြားသည့် မော်ဒယ်များဖြစ်သော FH နှင့် FMX ထရပ်ကားများအပါအဝင် ဗော်လ်ဗိုထရပ်ကား အမျိုး အစားသစ်များကို အသစ်ပြဋ္ဌာန်းသော ဥပဒေသစ်နှင့် ကိုက်ညီအောင်ပြင်ဆင်၍ မတ်လ ၅ ရက်နေ့တွင် ကိုရီးယားနိုင်ငံ တစ်ဝန်းလုံးသို့ ဖြန့်ချိ ရောင်းချသွားမည်ဖြစ်သည်။ Daimler Truck ကလည်း Euro6 စံနှုန်းနှင့်ကိုက်ညီသည့် ထရပ်ကားအမျိုးအစားကိုလာမည့် မတ်လ၁၂ရက်နေ့တွင် စတင်ပြသရောင်းချမည်ဖြစ်သည်။ ရှန်ဟိုင်းအခြေစိုက် Sunlong Bus ဘတ်စ်ကားသစ်ကိုလည်း ဧပြီလတွင် စတင်ရောင်းချမည်ဖြစ် ပြီး၊ ယမန်နှစ်က ၂၅ ယောက်စီး ဂျူးဂိုဘတ်စ်ကား အစီး ၄၀၀ ကျော်အား ကိုရီးယားတွင်ရောင်းချနိုင်ခဲ့သည်။

   ကိုရီးယားမော်တော်ကားထုတ် လုပ်သူများအကြားတွင် ဟွန်ဒိုင်းသည် ၁၅ ယောက်စီး မီနီဘတ်စ်ကား (H 350) ကို ဇွန်လတွင် ရောင်းချမည်ဖြစ်သည်။ ၎င်းမီနီဘတ်စ်၏ အရွယ်အစားသည် ၁၂ ယောက်စီးမီနီဘင် သို့မဟုတ် ၂၅ ယောက်စီးဘတ်စ်ကားတို့ကြားဖြစ်သည်။ ဟွန်ဒိုင်းသည် တစ်နှစ်လျှင် လုပ်ငန်းသုံးယာဉ်စီးရေ ၆၅,၀၀၀ မှ ၁၀၀,၀၀၀ ကြားထုတ်နိုင်မည့် ကားစက်ရုံကို Jeonju မြို့တွင် ၂၀၂၀ ခုနှစ် အပြီးတည်ဆောက်မည်ဖြစ်ပြီး၊ ယင်း အတွက် ဝမ် ၂ ထရီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့