ထိုင်းအစိုးရက ဆန်တန်ချိန် ငါးသိန်း လေလံတင်ရောင်းချ

   ထိုင်းနိုင်ငံ အစိုးရသည် ယခုနှစ်၏ပထမအကြိမ်ဆန် လေလံပွဲတွင်ဆန် တန်ချိန် ငါးသိန်းနီးပါး ရောင်းချရန် ဖေဖော်ဝါရီလ ၁၆ရက်နေ့ကအတည်ပြုပေးခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အတွက် ပထမအကြိမ်လေလံပွဲ၌ လေလံအောင်သူ ၃၈ဦးအား ဆန်တန်ချိန် ၄၉၆,၂၄၃ ရောင်းချပေးရန် အစိုးရမှ သဘောတူခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာချတ်ချိုင်းကပြောကြားခဲ့ပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်လနှောင်းပိုင်း၌ ပထမအကြိမ်အဖြစ် သိုလှောင်ရုံတစ်ခုလုံးရောင်းချသည့်စနစ်ဖြင့် ဆန်တန်ချိန် ၉၉၉,၇၆၃ ကို လေလံတင် ရောင်းချခဲ့ပါသည်။ ကြမ်းခင်းဈေးနှုန်းကို ကြိုတင်ကြေညာခဲ့ကြောင်း၊ ကြမ်းခင်းဈေးနှုန်းများမှာ ဆန်ဖြူတစ်ကီလိုလျှင် ၈ ဘတ်မှ ၁၀ ဘတ်ထိဖြစ်ပြီး၊ ဟုန်မာ လိဆန် (ဆန်မွှေး) တစ်ကီလိုလျှင် ၂၅ ဘတ်ဖြစ်ပါသည်။ လေလံပွဲ၌ ပျမ်းမျှအားဖြင့် ဆန်ဖြူတစ်ကီလိုလျှင် ၁၁ ဘတ်ရရှိခဲ့ကြောင်း၊ ဟုန်မာလိဆန်အတွက်ကမ်းလှမ်းဈေးနှုန်း သည် တစ်ကီလိုလျှင် ၃၁ ဘတ် အထိ ရှိခဲ့ကြောင်းသိရှိရပါသည်။

  အစိုးရ၏ ပထမအကြိမ် ဆန်လေလံတင်ပွဲသည် အောင်မြင်သည်ဟုယူဆနိုင်ကြောင်း၊ ဆန်ဝယ်လိုအားဆက်လက်ခိုင်မာနေမည်ကို ညွှန်ပြနေကြောင်း၊ ပထမအကြိမ် ဆန်လေလံပွဲ ၌ ရောင်းချသည့် ပမာဏသည် အလွန်ကြီးမားကြောင်း၊ အစိုးရအနေဖြင့် တစ်ဝက်ခန့်ရောင်းချပေးနိုင်သည်မှာ ကျေနပ်ဖွယ်ရာဖြစ်ကြောင်း၊ ပြည်တွင်းဈေး ကွက်နှင့် ပြည်ပတင်ပို့မှုအတွက် ဆန်ဝယ်လိုအားသည် ခိုင်မာဆဲဖြစ်သည်ကိုဖော်ပြနေကြောင်း၊ သို့ဖြစ်ရာ အစိုးရအနေဖြင့် စုဆောင်းထားသည့် ဆန်များထုတ်ရောင်းချခြင်းကို တိုးမြှင့် ဆောင်ရွက်ရမည့် အချိန်ကောင်းဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Mr. Charoen ကပြောကြားခဲ့ပါသည်။

  ယခုလနှောင်းပိုင်းတွင် အစိုးရမှ နောက်ထပ် ဆန်တန်ချိန် တစ်သန်းရောင်းချရန်အတွက် ဆန်လေလံပွဲထပ်မံပြုလုပ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးမစ္စတာချတ်ချိုင်းကပြောကြားခဲ့သည်ဟုသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့