ကိုရီးယားနိုင်ငံရှိ ဒေါက်တာဘွဲ့ရရှိထားသူများ၏ တစ်ဝက်ခန့်မှာ တရုတ်လူမျိုးများဖြစ်

   ကိုရီးယားသမ္မတနိုင်ငံတွင် Ph.D. ဒေါက်တာဘွဲ့ရ နိုင်ငံခြားသားများ၏ ထက်ဝက်ခန့်မှာ တရုတ်လူမျိုးများဖြစ်ကြသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့က Korea Research Institute for Vocational Education & Training ကထုတ်ဝေသောစာရင်းအရ ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါက်တာဘွဲ့ရရှိခဲ့သည့် နိုင်ငံခြားသား ၇၅၃ ဦးတွင် ၃၃၃ ဦး (၄၄.၈%) သည် တရုတ်ပြည်မှဖြစ်ကြသည်။ ယင်းတို့အနက်မှ အိန္ဒိယမှ ၇၅ ဦး (၁၀.၁%)၊ ဗီယက်နမ်မှ ၇၂ ဦး (၉.၇%)၊နှင့် ပါကစ္စတန်မှ ၃၆ ဦး (၄.၈%) တို့ဖြစ်ကြသည်။

   ဘာသာရပ်များအနေဖြင့် အင်ဂျင်နီယာဘာသာရပ်တွင်အများဆုံးဖြစ်ပြီး ၃၀.၉%၊ သဘာဝသိပ္ပံဘာသာတွင် ၂၇%၊ လူမှုသိပ္ပံတွင် ၁၄.၉%၊ လူမှုဗေဒတွင် ၁၂.၉% နှင့် ဆေး ပညာဘာသာရပ်တွင် ၉% တို့အသီးသီးဖြစ်ကြသည်။ ဒေါက်တာဘွဲ့ရများတွင် အမျိုးသမီးဦးရေပိုများပြီး ၄၆၄ ဦး (၆၁.၆%) ဖြစ်ကြသည်။ အဘယ့်ကြောင့် ကိုရီးယားတွင် Ph.D. ဘွဲ့ယူသနည်းဆိုသည့် မေးခွန်းအပေါ်တွင် ဓါတ်ခွဲခန်း Lab များအပါအဝင် သုတေသနပြုလုပ်ရန် အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်သည်ဟု ၃၇.၆% ကဖြေဆိုပြီး၊ သုတေသနဌာန များနှင့် ကော်ပိုရေးရှင်းများတွင်အလုပ်ရရှိကြသည့် Ph.D. ကျောင်းသားအရေအတွက်မှာ ဘွဲ့ရစုစုပေါင်း၏ ထက်ဝက်ကျော် ၅၄.၆% ရှိခဲ့သည်။ ထို့အပြင် ကိုရီးယားတွင် အလုပ် ရှိကြသော နိုင်ငံခြားသား Ph.D. ဘွဲ့ရ စုစုပေါင်း ၁၄၆ ဦးအနက်မှ ၄၄ ဦး (၃၀.၁%) သည် ကိုရီးယားတွင် ကာလကြာရှည်နေထိုင်လိုကြောင်း ဖြေကြားခဲ့ကြသည်။

ကိုးကားချက် - Hankyung Daily