နောင်ခိုင်ဒေသတွင် အထူးစီးပွားရေးဇုန်တည်ထောင်ရန်ထိုင်းနိုင်ငံ အတည်ပြု

   ဝန်ကြီးချုပ် ပရာလွတ်ဦးဆောင်သော အထူးစီးပွားရေးဇုန် ကော်မတီသည်အထူးစီးပွားရေးဇုန်များတည်ထောင်ရန် တည်ပြုပြီးဖြစ်သည့် နေရာငါးခုအပြင် နောင်ခိုင်ပြည်နယ် တွင်ပါ အထူးစီးပွားရေးဇုန်တည်ထောင်ရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။ အထူးစီးပွားရေးဇုန်တည်ဆောက်ရေးကို အရှိန်မြှင့်တင်ရန် စက်မှုလုပ်ငန်းစက်ရုံများနှင့် စက်မှု နယ်မြေများအတွက် (ရင်းနှီးမြှုပ်နှံသူများ) တတ်နိုင်သည့် မြေများ (affordable plots) ရှာဖွေရန် ကတိပြုခဲ့ကြပါသည်။

   အစိုးရမှ အထူးစီးပွားရေးဇုန် နေရာများကို အသိပေးကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ပုဂ္ဂလိကမြေကွက်တချို့၏ ဈေးနှုန်းများသည်မြင့်တက်သွားခဲ့ပါသည်။ သို့ဖြစ်ရာ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အစိုးရ၏ပံ့ပိုးကူညီမှုသည် မဖြစ်မနေ လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြေဈေးနှုန်းသည် အလွန်မြင့်မား၍ ၎င်းတို့အနေဖြင့် တတ်နိုင်ဖွယ်မရှိတော့ဟု ယူဆနိုင်သောကြောင့်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှပြောကြားခဲ့ပါသည်။

   လိုအပ်ပါက ငွေတိုက်ဌာန (Treasury Department) ပိုင် မြေကွက်များနှင့်အပင်များပြုန်းတီးနေသော သစ်တောမြေများကိုပင်အထူးစီးပွားရေးဇုန်များအတွက် ခွဲဝေချထားပေး သင့်ကြောင်း၊ ယခုနှစ်တွင် ပထမဆုံးစတင်တည်ဆောက်မည့် အထူးစီးပွားရေးဇုန်သည် Tak ပြည်နယ်ရှိ မဲဆောက်ခရိုင်တွင် ဖြစ်နိုင်ဖွယ်ရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြော ကြားခဲ့ပါသည်။

   Charoen Pokphand Group, Thai Beverage, Amata Corporation, Saha Group နှင့် Mitr Phol စသည်တို့ အပါအဝင် ပုဂ္ဂလိကကုမ္ပဏီကြီးများသည် အထူး စီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြကြောင်း အမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးမှုအဖွဲ့ (NESDB) ၏ အတွင်းရေးမှူးချုပ် Mr.Arkhon ကပြောကြားခဲ့ပါ သည်။

   ကော်မတီမှ ပုဂ္ဂလိကကုမ္ပဏီများအားအစိုးရ၏ စီမံကိန်းတွင် အဆိုပြု ထားသည့် ရိုင် ၁ ဒသမ ၈၃ သန်းတွင်ပါဝင်ခြင်းမရှိသည့်နေရာများ၌ သင့်တော်သောနေရာတွေ့ရှိပါက အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အဆိုပြု တင်ပြခွင့်ပြုရန် သဘောတူခဲ့ပါသည်။ အစိုးရအနေဖြင့် ၎င်းတို့၏ အဆိုပြုချက်များကို စဉ်းစားသုံးသပ်မည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးရန်အသင့်ပင်ဖြစ်ကြောင်းလည်း Mr.Arkhon ကပြောကြားခဲ့ပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘန်ကောက်မြို့