အိန္ဒိယမှ ဒီဇယ်နှင့် ရေနံ ထုတ်ကုန်များကို ရောင်းချပေးရန် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံများ၏ တောင်းဆိုချက်များကို စိစစ်သုံးသပ်နေကြောင်း အိန္ဒိယပြောကြား

 

ကမ္ဘာ့နိုင်ငံရေးအကျပ်အတည်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုများကြောင့် စွမ်းအင်ဖူလုံရေးအပေါ်စိုးရိမ်နေချိန်တွင် အိန္ဒိယ၏ ဒီဇယ်နှင့် သန့်စင်ပြီးရေနံထွက်ပစ္စည်းများအား ရောင်းချပေးပါရန် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံတို့မှ တောင်းဆိုထားကြောင်း၊ အိန္ဒိယသည် သန့်စင်ပြီးရေနံထွက်ကုန်များကို အိမ်နီးချင်းနိုင်ငံများသို့ အဓိကတင်ပို့ရောင်းချနေပြီး ဘင်္ဂလားဒေ့ရှ်သို့ ဒီဇယ်တင်ပို့မှုကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊ ပြည်တွင်းလောင်စာဆီလိုအပ်ချက်၊ ရေနံထုတ်လုပ်မှုစွမ်းအင်နှင့် ဒီဇယ်ရောင်းချနိုင်မှုပမာဏကို ချိန်ညှိနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) မှ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တို့သည် ၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး နောက်ဆုံးဆွေးနွေးမှုတွင် ရေကြောင်းလမ်းလုံခြုံရေးနှင့် အိန္ဒိယ၏စွမ်းအင်ဖူလုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း Jaiswal က ပြောကြားခဲ့သည်။

အီရန်နိုင်ငံအပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)အား ပိတ်ဆို့လိုက်ရာ ကမ္ဘာ့အဓိကစွမ်းအင် သယ်ယူပို့ဆောင်သည့် လမ်းကြောင်းတစ်ခု ရပ်တန့်သွားရပါသည်။ ထို့ကြောင့် ဆော်ဒီအာရေဗျ၊ အီရတ်၊ ယူအေအီး (UAE)၊ ကူဝိတ်နှင့်ကာတာစသည့် ပင်လယ်ကွေ့နိုင်ငံများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းသည့် အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများတွင် စွမ်းအင်ဝယ်ယူရေးအပေါ် ကြီးမားသော အန္တရာယ်ဖြစ်နေကြောင်း The Hindu Businessline သတင်းစာအရ သိရှိရပါသည်။

ရင်းမြစ်။        www.thehindubusinessline.com