လောင်စာဆီသွင်းကုန်အကောက်ခွန်ကို ၀ % သို့ လျှော့ချရန် ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာန အဆိုပြု
ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများကြောင့် ပြည်တွင်းလောင်စာဆီရောင်းလိုအား တည်ငြိမ်စေရန်နှင့် စွမ်းအင်လိုအပ်ချက် ပြည့်ဝစေရန် ယာယီအစီအမံတစ်ခုအဖြစ် စက်သုံးဆီ၊ လောင်စာဆီ ထုတ်ကုန်များနှင့် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးအပေါ် သွင်းကုန်ခွန် (MFN Import Tariff) အား ၀ % သို့ လျှော့ချရန် ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာန (MoF) အဆိုပြုထားပြီး ယင်းသို့ ဦးစားပေးသွင်းကုန်အချို့အပေါ် အကောက်ခွန်နှုန်းထားများ ပြင်ဆင်သည့် အမိန့်ပြန်တမ်း (မူကြမ်း) ကို တရားရေးဝန်ကြီးဌာနထံ တင်ပြထားကြောင်း သိရှိရပါသည်။
လက်ရှိတွင် ဗီယက်နမ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ကုန်အများစုကို အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံများမှ တင်သွင်းနေပြီး၊ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) အရ သွင်းကုန်ခွန် ၀ % ခံစားခွင့် ရရှိထားပါသည်။ သို့သော် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်များ ပြတ်တောက်နေချိန်တွင် အဆိုပါ ဈေးကွက်များမှ စက်သုံးဆီများရရှိရန်မှာလည်း ပိုမိုခက်ခဲလာသဖြင့် လက်ရှိ အကောက်ခွန်နှုန်းထားများကို ဆက်လက်ထားရှိပါက ဗီယက်နမ်အတွက် စက်သုံးဆီ လုံလောက်စွာရရှိရေးနှင့် ဈေးနှုန်းထိန်းချုပ်နိုင်ရေးတို့တွင် အခက်အခဲများဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoIT) က ရေနံနှင့် ဓာတ်ငွေ့ထွက်ပစ္စည်းများအပေါ် MFN သွင်းကုန်ခွန်ကို ၀ % သို့ လျှော့ချရန် ဘဏ္ဍာရေးဝန်ကြီးဌာန (MoF) သို့ အဆိုပြုခဲ့ပြီး၊ ၎င်းမှတဆင့် အမိန့်ပြန်တမ်းမူကြမ်းကို တရားရေးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ခွင့်ပြုပါက အကောက်ခွန်လျှော့ချမှုအစီအမံကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ အတည်ပြု ကျင့်သုံးသွားရန် သတ်မှတ်ထားပါသည်။
အဆိုပါ အမိန့်ပြန်တမ်းမူကြမ်းအရ ဓာတ်ဆီချက်လုပ်ရာတွင် အသုံးပြုသည့် နက်ဖ်သာ (Naphtha) နှင့် ရီဖောမိတ် (Reformate) ကဲ့သို့သော ကုန်ကြမ်းများအား မူလ MFN အကောက်ခွန်နှုန်း ၁၀ % မှ ၀ % သို့လည်းကောင်း၊ ဒီဇယ်ဆီ (Diesel Fuel)၊လောင်စာဆီ (Fuel Oil)၊ လေယာဉ်ဆီ (Jet Fuel) နှင့် ရေနံဆီ (Kerosene) တို့အပေါ် မူလအကောက်ခွန် ၇ % မှ ၀ % သို့ လည်းကောင်း၊ ရေနံဓာတုကုန်ကြမ်း (Petrochemical Feedstocks) များဖြစ်သော ဇိုင်းလင်း (Xylene)၊ ကွန်ဒန်းဆိတ် (Condensate)နှင့် ပီ-ဇိုင်းလင်း (P-xylene)တို့ကို ၃ % မှ ၀ % သို့လည်းကောင်း၊ အခြားသော ဆိုင်ကလစ် ဟိုက်ဒရိုကာဗွန် (Cyclic Hydrocarbons) များကို ၂ % မှ ၀ % သို့ လျော့ချရန် အဆိုပြုထားပါသည်။
အကောက်ခွန်နှုန်းထားသစ်များကို ကျင့်သုံးပါက ၂၀၂၅ ခုနှစ် သွင်းကုန်ပမာဏအရ နိုင်ငံတော် ဝင်ငွေမှာ ဗီယက်နမ်ဒေါင် ၁.၀၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၈.၉ သန်းကျော်) ခန့် လျော့နည်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။
ရင်းမြစ်။ Vietnam+
