တရုတ်ကုန်စည်များအပေါ် မက္ကဆီကို၏ အကောက်ခွန်တိုးမြှင့်မှုက ငွေကြေးဖောင်းပွမှု အနည်းငယ် ဖြစ်လာနိုင်

 

အာရှမှသွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထားတိုးမြှင့်ခြင်းကြောင့် ပြည်တွင်းငွေကြေးဖောင်းပွမှု သည် ၀.၂ % တက်လာနိုင်ပြီး တရုတ်မှ တင်သွင်းသည့် မော်တော်ယာဉ်များ၏ ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း မက္ကဆီကိုအစိုးရက သုံးသပ်ထားပါသည်။

မက္ကဆီကို၊ စီးပွားရေးဝန်ကြီး Marcelo Ebrard က ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ပြီး၊ မက္ကဆီကို၏ မော်တော်ကား၊ အထည်အလိပ်နှင့် သတ္တုကဏ္ဍများရှိ အလုပ်အကိုင်ပေါင်း ၃၅၀,၀၀၀ ခန့်ကို ကာကွယ်ရန် အကောက်ခွန်တိုးမြှင့်ရန် လိုအပ်ကြောင်း၊ ထို့ပြင် အကောက်ခွန်တိုးမြှင့်မှုသည် နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၈% ခန့်ကိုသာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ မက္ကဆီကိုသည် အာရှနှင့်ကုန်သွယ်မှုတွင် လိုငွေပြနေကြောင်း၊ အာရှသို့ တင်ပို့မှုပမာဏထက် အာရှမှ တင်သွင်းမှုမှာ ၁၀ ဆခန့် ပိုမိုများပြားနေကြောင်း၊ မက္ကဆီကိုနှင့် ကုန်သွယ်ရေးသဘောတူညီချက်မရှိသေးသည့် တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယအပါအဝင် အာရှနိုင်ငံများမှ ကုန်စည် ၁၄၀၀ အပေါ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ၅ % မှ ၅၀ % အကြား အခွန်စည်းကြပ်မည်ဖြစ်ကြောင်း အစိုးရသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မက္ကဆီကိုသည် နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သည့် ကုန်သွယ်မှုမူဝါဒများမှခွဲထွက်၍ သွင်းကုန်ခွန်အသစ်များကို ပြီးခဲ့သည့်အပတ်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဓိကကုန်သွယ်ဖက် အမေရိကန်နှင့် ကုန်သွယ်ရေးမူဝါဒချင်း ကိုက်ညီစေရန်ဖြစ်ပါသည်။ သမ္မတ Sheinbaum က အကောက်ခွန်မူဝါဒ သည် မည်သည့်နိုင်ငံကိုမှ ဘက်လိုက်မှုမရှိပဲ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုများကို ကာကွယ်ရန်ဖြစ်ကြောင်း၊ ထို့ပြင် အခွန်ကောက်ခံမှုများသည် နိုင်ငံတော်ဘဏ္ဍာသို့ တစ်နှစ်လျှင် ပီဆို ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ) ခန့် အပိုဝင်ငွေ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။ www.bloomberg.com