တရုတ်၏ စတီးပို့ကုန်အပေါ် လိုင်စင်ယူရန်မူဝါဒကြောင့် အာရှသတ္တုဈေးကွက် အနည်းငယ်လှုပ်ခတ်
တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ စတီးထုတ်ကုန်အများအပြားကို ပို့ကုန်လိုင်စင်ယူရန် မူဝါဒချမှတ်လိုက်ရာ တန်ဖိုးမြှင့်မဟုတ်သော ကုန်စည်များတင်ပို့မှုကို ကန့်သတ်ခြင်းဟု ထင်ရသော်လည်း အာရှသတ္တုဈေးကွက်အတွက် သတိထားစရာ၊ ဒေသတွင်းဝယ်လက်များအတွက် ဝယ်ယူမှုအစီအစဉ်များကို ပြန်လည်သုံးသပ်စရာဖြစ်လာပါသည်။
အချို့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မတိုင်မီ စတီးပို့ကုန် ပိုများလာနိုင်သည်ဟု သုံးသပ်ကြသလို အချို့ကလည်း ပြည်တွင်းစတီးကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မည် သုံးသပ်ကြကြောင်း၊ သို့သော် စတီးဈေးနှုန်းအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း၊ ယခုမူဝါဒကြောင့် လက်ရှိ ထိုင်းစတီးဈေးနှုန်းသည် ၁ မက်ထရစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ တက်သွားကြောင်း၊ ချီလီနှင့် မက္ကဆီကို စတီးလုပ်ငန်းများလည်း အကျိုးအမြတ်ဖြစ်ထွန်းလာနိုင်ကြောင်း S&P Global မှ ဖော်ပြထားပါသည်။
ဒေသတွင်းစတီးထုတ်လုပ်သူများအတွက် ယခင်ကဈေးနှုန်းချိုသာခဲ့သော တရုတ်စတီးများအစား ဗီယက်နမ်အပါအဝင် အာရှစတီးစက်ရုံများမှ ထုတ်လုပ်သူများ မျှတစွာယှဉ်ပြိုင်နိုင်တော့မည်ဖြစ်ကြောင်း၊ သို့သော် ရေတိုသာအကျိုးအမြတ်ရနိုင်ပြီး ဈေးနှုန်းမတည်ငြိမ်မှုများ ရှိလာနိုင်ကြောင်း၊ အိန္ဒိယအခြေစိုက် ကုန်သည်တစ်ဦးကမူ ယခုမူဝါဒကြောင့် အိန္ဒိယ၏ စတီးပြည်တွင်းဈေးများကို တည်ငြိမ်အောင် ထိန်းချုပ်ထားပြီး လက်ရှိရာသီအရ စတီးဝယ်လိုအားကျနေကြောင်း၊ အစပိုင်းတွင် အိန္ဒိယစတီးများ ပိုမိုရောင်းအားကောင်းလာနိုင်သော်လည်း အကယ်၍ တရုတ်ပို့ကုန်များ တက်လာပါက ရေရှည်တွင် သိသာမည်ဟုမထင်ကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ S&P Global
