ဆွစ်ဇာလန်သည် အမေရိကန် အကောက်ခွန်နှင့်စပ်လျဉ်း၍ အနုတ်သဘောဆောင်သည့် သဘောတူညီချက်ကို မလုပ်ဆောင်ခဲ့ကြောင်း စီးပွားရေးဝန်ကြီး ပြောကြား
ဆွစ်ဇာလန်၊ စီးပွားရေးဝန်ကြီး Guy Parmelin က အမေရိကန်နှင့် သဘောတူညီခဲ့သည့် အကောက် ခွန်ဆိုင်ရာမူဘောင်သည် အနုတ်သဘောဆောင်သော သဘောတူညီချက်မဟုတ်ကြောင်းနှင့် ဆွစ်ဇာလန်အနေဖြင့် ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲ၌ ကျရှုံးခဲ့ရသည်ဟူသော ဝေဖန်မှုများကို ငြင်းဆိုခဲ့ပါသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်အရ အမေရိကန်သည် ဆွစ်ဇာလန်သွင်းကုန်များအတွက် အကောက်ခွန်နှုန်းကို ၃၉ % မှ ၁၅ % လျှော့ချပေးမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် ဆွစ်ဇာလန်ကုမ္ပဏီများက အမေရိကန်တွင် ကန်ဒေါ်လာ ၂၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့ပါသည်။
ဝန်ကြီးက ယခုသဘောတူညီချက်ကို ကျေနပ်မိကြောင်းနှင့် သမ္မတထရမ့်ခေတ် မတိုင်မီကတည်းက ဆွစ်ကုမ္ပဏီများသည် အမေရိကန်စက်မှုလုပ်ငန်းများကို စိတ်ဝင်စားခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆွစ် ကုမ္ပဏီများကလည်း ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများနှင့် တန်းတူအခွင့်အရေးများရရှိမည်ဖြစ်ရာ ယခုသဘောတူညီချက်ကို ကြိုဆိုခဲ့ကြပါသည်။ သို့သော် အတိုက်အခံပါတီများက ဆွေးနွေးညှိနှိုင်းမှုများအပေါ် ပွင့်လင်းမြင်သာမှုရှိရန် ထုတ်ဖော်ပြောကြားခဲ့ပြီး၊ Rolex နာရီလုပ်ငန်းနှင့် Richemont ဇိမ်ခံပစ္စည်းအုပ်စုကဲ့သို့သော ဆွစ်ဇာလန်ကုမ္ပဏီများမှ အမှုဆောင်အရာရှိများသည် ဝါရှင်တန်တွင် အကောက်ခွန်သက်သာခွင့်ရရှိရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဆွစ်ဇာလန်အတွက် အကောက်ခွန်နှုန်းထားလျှော့ချမှုကို ရက်သတ္တပတ်အနည်းငယ်အတွင်း စတင်ရန် မျှော်မှန်းထားသော်လည်း မူဘောင်သဘောတူညီချက်သည် စည်းနှောင်မှု မရှိသေးသဖြင့် နောက်ထပ်ဆွေးနွေးမှုများကို လိုအပ်မည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့် သဘောတူညီချက်ကို ဆွစ်ပါလီမန်တွင် အတည်ပြုပြီးနောက် အများပြည်သူများသိရှိစေရန် ထုတ်ပြန်မည်ဖြစ်ပါသည်။
ဤသဘောတူညီချက်ကို ဆွစ်ဇာလန်၏ ဒုတိယအကြီးဆုံးပါတီဖြစ်သော Social Democrats ပါတီက ကြိုဆိုခဲ့သော်လည်း Greens ပါတီက ဆွစ်ဇာလန်လယ်သမားများနှင့် စားသုံးသူများ၏ အကျိုးစီးပွားထက် သမ္မတထရမ့်၏ အကျိုးစီးပွားကို ဦးစားပေးသည်ဟု ပြောကြားခဲ့သည်။ သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆွစ်ဇာလန်သည် အမေရိကန် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းထုတ်ကုန် အများအပြားအပေါ် သွင်းကုန်ခွန်နှုန်းထားများ လျှော့ချရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။
ရင်းမြစ်။ https://www.reuters.com
