G20 နိုင်ငံများ၌ အကောက်ခွန်အသစ်များနှင့်အတူ ကုန်သွယ်မှုတိုးမြှင့်ရေးနည်းလမ်းများ တိုးလာကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အစီရင်ခံစာက တွေ့ရှိ

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော G20 နိုင်ငံများ၏ ကုန်သွယ်မှုနည်းလမ်းများ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလလယ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလလယ်အတွင်း အကောက်ခွန်နှုန်းများ တိုးမြှင့်ခဲ့မှုသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ၄ ဆ ပိုမိုမြင့်မား ခဲ့ပြီး ကုန်သွယ်မှုစောင့်ကြည့်ခဲ့သမျှ အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါကာလအတွင်း ကုန်သွယ်မှုပိုမိုချောမွေ့ရန်လည်း ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး ၂ဆ တိုးတက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလလယ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်အတွင်း G20 နိုင်ငံများ ကောက်ခွန်နှင့် အခြားကုန်သွယ်မှုအစီအမံများကြောင့် သွင်းကုန်စုစုပေါင်း၏ ၁၄.၃ % (တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၉၉ ဘီလီယံခန့်) ထိခိုက်ခဲ့ရပြီး ပြီးခဲ့သည့်နှစ် ကာလတူ၏ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၉ ဘီလီယံထက် လေးဆကျော် ပိုများကြောင်း၊ ပို့ကုန်ဆိုင်ရာအစီအမံ ၁၈၅ ခုကြောင့် ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၀၀ ဘီလီယံခန့် ထိခိုက်ခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူ၏ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၂၉ ဘီလီယံထက် သာလွန်ကြောင်း၊ အဆိုပါကာလအတွင်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အစီအမံအသစ် ၁၈၄ ခုကို မိတ်ဆက်ခဲ့ခြင်း၊ တန်ပြန်အကောက် ခွန်ကောက်ခံခြင်းထက် ညှိနှိုင်းဆွေးနွေးခြင်း၊ ကုန်သွယ်မှုအတားအဆီးများအား လျှော့ချခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး နည်းလမ်းများကြောင့် ပြီးခဲ့သည့်နှစ် ကုန်သွယ်မှုပမာဏ ၁၀၇၀ ဘီလီယံထက် ၂ ဆပို၍ အမေရိကန်ဒေါ်လာ ၂,၀၅၅ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ကမ္ဘာ့ကုန်သွယ်ရေးသည် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး အနှောင့်အယှက်များ ကြုံတွေ့ရသော်လည်း အဖွဲ့ဝင်နိုင်ငံအများစုက ကုန်သွယ်မှုကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေသဖြင့် ကြံ့ကြံ့ခံနေကြောင်း၊ ယခုအစီရင်ခံစာက မြေပြင်အခြေအနေများကို ဖော်ပြနေကြောင်း၊ ကုန်သွယ်မှုတွင် အကာအကွယ်ပေးမှုများက ကမ္ဘာ့ကုန်သွယ်မှုဝေစု အများစုကို ထိခိုက်စေပြီး ကုန်သွယ်မှုကုန်ကျစရိတ်များ လျော့ချရန် အဖွဲ့ဝင်နိုင်ငံအချို့၏ ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေး နည်းလမ်းများကိုလည်း တွေ့ရှိရကြောင်း၊ တန်ပြန်အကောက်ခွန် ထက် ညှိနှိုင်းဆွေးနွေးနေကြခြင်းကို ကြိုဆိုကြောင်း၊ ယခုအခြေအနေမှ ပိုမိုခိုင်မာသော ကုန်သွယ်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

G20 နိုင်ငံများ စီးပွားရေးကို ပြန်လည်သုံးသပ်သည့်ကာလအတွင်း ပျမ်းမျှအားဖြင့် တစ်လလျှင် ကုန်သွယ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ၂၈.၅ ခု၊ ကုန်သွယ်မှုကုစားခြင်းအား အဆုံးသတ်မှု ၉.၃ ခုရှိကြောင်း၊ ကုန်သွယ်မှုကုစားခြင်းတွင် စုပုံတင်သွင်းမှုအား တန်ပြန်ခြင်းနည်းလမ်းသည် အများဆုံးဖြစ်ကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးတွင် အစီအမံအသစ် ၅၂ ခု ချမှတ်ကျင့်သုံးခဲ့ပြီး ၎င်းအနက် ၃ ပုံ ၂ ပုံကျော်သည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်ဖြစ်ကြောင်း၊ ခန့်မှန်းခြေအားဖြင့် အစီအမံအသစ်များ၏ ၄၃ % မှာ ပြည်ပ၌ စီးပွားရေးလုပ်ငန်းများဖွင့်လှစ်ခြင်း (Mode 3နှင့် ပညာရှင်များလာရောက်လုပ်ကိုင်ခြင်း  (Mode 4ဝန်ဆောင်မှုများတွင် အဓိက ထိခိုက်စေကြောင်း၊  အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု အပါအဝင် အခြားကွန်ရက်ဖွင့်နိုင်သော ဝန်ဆောင်မှုများလည်း ထိခိုက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

G20 သည် သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် စိုက်ပျိုးရေးကဲ့သို့သော အဓိကကဏ္ဍများတွင် ယေဘုယျနှင့် စီးပွားရေးဆိုင်ရာ အကူအညီ၊ အစီအမံအများအပြားကို ချမှတ်ခဲ့ပြီး ငွေကြေးမဟုတ်သော နည်းလမ်းများနှင့် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာမူဝါဒရည်မှန်းချက်များသို့  ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ G20 နှင့်စပ်လျဉ်းသည့် ကုန်သွယ်မှုပြသနာများကို ကော်မတီများနှင့် ဘာသာရပ်အလိုက် အစည်းအဝေးများ တွင် ဆွေးနွေးခဲ့ကြကြောင်း၊ ကော်မတီများသည် နိုင်ငံများအကြား ကုန်သွယ်မှုပြသနာများဖြေရှင်းရန် အကောင်းဆုံးပလက်ဖောင်းများဖြစ် ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

G20 ဝန်ကြီးများ၏ တောင်းဆိုချက်အရ ကုန်သွယ်မှုစောင့်ကြည့်ရေး အစီရင်ခံစာများကို ၂၀၀၉ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (OECDနှင့် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTADတို့က G20 ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းလမ်းများကို စောင့်ကြည့်အစီရင်ခံခြင်း ဖြစ်ပါသည်။ 

ရင်းမြစ်။        https://www.wto.org/