အမေရိကန် ကုန်ပစ္စည်းများအပေါ် တန်ပြန်အကောက်ခွန် ကောက်ခံမည့် အစီအစဉ်ကို ဥရောပသမဂ္ဂက ဆိုင်းငံ့

 

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ အမေရိကန် ကုန်ပစ္စည်းများအပေါ် တန်ပြန်ခွန် ကောက်ခံမည့် ဥရောပသမဂ္ဂ (EU) သည် ဩဂုတ်လ ၁ ရက်နေ့၌ သဘောတူညီချက်ရရှိရန် မျှော်လင့်ချက်ကြောင့် ယင်းအစီအစဉ်ကို ရပ်ဆိုင်းထားကြောင်း အေပီသတင်းဌာနက ဖော်ပြထားပါသည်။

သမ္မတထရမ့်က အီးယူနှင့် မက္ကဆီကို ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၃၀ % ကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ ကောက်ခံမည်ဖြစ်ကြောင်း အကြောင်းကြားစာပေးပို့ပြီးနောက် ဥရောပကော်မရှင်၊ ဥက္ကဋ္ဌ Ursula von der Leyen က ညှိနှိုင်းမှုများ စတင်ရန် အချိန်ဖြစ်ကြောင်း၊ ဥရောပသည် ဆွေးနွေးညှိနှိုင်းမှုကိုသာ ဆောင်ရွက်လိုကြောင်း သဘောတူညီမှုမရရှိခဲ့ပါက မိမိတို့ ကောင်းမွန်စွာ ပြင်ဆင်ထားသည့် တန်ပြန်အကောက်ခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ဥရောပသည် အမေရိကန်သို့ ဆေးဝါးများ၊ ကားများ၊ လေယာဉ်များ၊ ဓာတုပစ္စည်းများ၊ ဆေးဘက်သုံးကိရိယာများ၊ ဝိုင်များနှင့် အရက်များ အများဆုံးတင်ပို့နေပါသည်။

အိမ်ဖြူတော်အမျိုးသားစီးပွားရေးကောင်စီ၊ ညွှန်ကြားရေးမှူး Kevin Hassett မှ ABC သတင်းဌာနသို့ ပြောကြားရာတွင် ထရမ့်သည် ကုန်သွယ်ရေးသဘောတူညီချက် (မူကြမ်း) အချို့ကို စိတ်တိုင်းမကျသေးကြောင်း၊ ပိုမိုကောင်းမွန်သော အချက်များ ထပ်မံညှိနှိုင်းရန် ကုန်သွယ်ဘက်နိုင်ငံများသို့ အကြောင်းကြားစာများ ပေးပို့ခြင်းဖြစ်ကြောင်း၊ မည်သို့ဖြစ်လာမည်မသိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ ကုန်သွယ်ဖက်များ၊ ပြင်သစ်ဝိုင်ထုတ်လုပ်သူများနှင့်  ဂျာမန်ကားထုတ်လုပ်သူများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများသည် သမ္မတထရမ့်၏ စည်းကြပ်ခွန်ကိစ္စများနှင့် နောက်ဆုံးကာလ ပြောင်းလဲမှုများကြောင့် မသေချာမှုများကို လပေါင်းများစွာ ရင်ဆိုင်နေရပါသည်။ အခွန်စည်းကြပ်မှုများသည် ကမ္ဘာ့စီးပွားရေး၏ ကဏ္ဍတိုင်းနီးပါးတွင် အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။

အီးယူစာရင်းအင်းအဖွဲ့ Eurostat အရ ၂၀၂၄ ခုနှစ်တွင် အီးယူ - အမေရိကန် ကုန်သွယ်မှုပမာဏသည် ယူရို ၁.၇ ထရီလီယံ (ဒေါ်လာ ၂ ထရီလီယံ) သို့မဟုတ် တစ်ရက်လျှင် ပျမ်းမျှ ယူရို ၄.၆ ဘီလီယံ ရှိကြောင်း သိရှိရပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများသည် တရုတ်၊ အမေရိကန်တို့နှင့် ကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ပြီး အီးယူသည် ထရမ့်၏ စည်းကြပ်ခွန်များနောက်ပိုင်း တရုတ်နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရရှိရန် ကြိုးပမ်းလျက်ရှိပါသည်။

အီးယူဥက္ကဋ္ဌက Ms. von der Leyen အမေရိကန်နှင့် ဖြစ်ပွားနေသော ကုန်သွယ်ရေးဖိအားများက မိမိတို့၏ ကုန်သွယ်ဆက်ဆံရေးများစွာ ဆောင်ရွက်ထားရန် အရေးကြီးကြောင်းကို ပြသခဲ့ကြောင်း၊ ယုံကြည်စိတ်ချရသည့် ကုန်သွယ်ဖက်များလိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါသည်။

ရင်းမြစ်။        edition.cnn.com