လာမည့် ၅ နှစ်အတွင်းယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးကိစ္စများအား အဓိကထား စောင့်ကြည့်တော့မည်

 

ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကစားသုံးမှုပုံစံ၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် ကမ္ဘာ့စီးပွားရေးကို ပြန်လည်ပုံဖော်နေရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သော ၉ ကြိမ်မြောက် ကုလသမဂ္ဂ၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေး ညီလာခံမှ မျှတပွင့်လင်းပြီး ယှဉ်ပြိုင်နိုင်သော ဈေးကွက်များဖြစ်စေရန် တောင်းဆိုခဲ့ပါသည်။

ကုလသမဂ္ဂ၊ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ၅ နှစ်တစ်ကြိမ် လက်ခံကျင်းပသည့် အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အစိုးရဝန်ကြီးများ၊ သံတမန်များနှင့် လူမှုအဖွဲ့ခေါင်းဆောင်များ အပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး လက်ရှိစိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် ခိုင်မာသော အနာဂတ်လမ်းကြောင်းရေးဆွဲရန် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးမှုများတွင် ဈေးကွက်များတွင်း အန္တရာယ်ရှိသည့် ကုန်ပစ္စည်းများမှစ၍ AI ဖြင့် နိုင်ငံဖြတ်ကျော်လိမ်လည်မှုများ၊ ဒီဂျစ်တယ်စျေးကွက်တွင် ယှဉ်ပြိုင်မှုကဏ္ဍမြှင့်တင်ရေးတို့အထိ ပါဝင်ခဲ့ပြီး ကုလသမဂ္ဂ၏ (၄၅) နှစ်မြောက် ယှဉ်ပြိုင်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများ ချမှတ်ကျင့်သုံးခဲ့ခြင်းနှင့် (၄၀) နှစ်မြောက် စားသုံးသူအကာအကွယ်ပေးရေး လမ်းညွှန်ချက်များ ချမှတ်ကျင့်သုံးခဲ့ခြင်း နှစ်ပတ်လည်နေ့များကို အသိအမှတ်ပြုခဲ့ကြပါသည်။ 

ကုလသမဂ္ဂ၊ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်  Pedro Manuel Moreno က အဆိုပါစည်းမျဉ်းများ/ လမ်းညွှန်ချက်များသည် အမြဲအသက်ဝင်နေကြောင်းနှင့် လူသားများ အကျိုးစီးပွားအတွက် အမြဲတိုးတက်ရန်လိုအပ်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုကို ၂ ဆ မြှင့်တင်ရန်၊ အစိုးရများနှင့် ပညာရှင်များအား မိမိတို့၏ ကတိကဝတ်များကို အားသစ်လောင်းရန် လိုကြောင်း တိုက်တွန်းခဲ့ပြီး ဈေးကွက်များသည် ထိရောက်ရုံမက မျှတရန်နှင့် ပွင့်လင်းမြင်သာရှိရုံမက အားလုံးပါဝင်နိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ညီလာခံက ထုတ်ကုန်များလုံခြုံစိတ်ချရေး အလှည့်အပြောင်းဖြစ်စေခဲ့

စျေးကွက်ချိတ်ဆက်မှုများနှင့် ထောက်ပံ့ရေးကွင်းဆက်များ လျင်မြန်စွာလည်ပတ်မှုတို့ကြောင့် ကမ္ဘာအနှံ့ရှိစားသုံးသူများသည် အန္တရာယ်ရှိသောထုတ်ကုန်များ၏ ခြိမ်းခြောက်မှုကို ခံနေရသော်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ၄၄ % ခန့်မှာ ယခုအချိန်ထိ ထုတ်ကုန်ဘေးကင်းရေး မူဘောင်များ မရှိသည်မှာ စိုးရိမ်စရာကောင်းလှပါသည်။ ထို့ကြောင့် ညီလာခံသို့ တက်ရောက်လာသူများက ကုလသမဂ္ဂ၏ ပထမအကြိမ် ထုတ်ကုန်ဘေးကင်းရေးစည်းမျဉ်း (မူကြမ်း) ကို အတည်ပြုရန် အဆိုတင်သွင်းခဲ့ကြပြီး တရားဝင်ပြဋ္ဌာန်းနိုင်ရေး အထွေထွေညီလာခံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကာ နိုင်ငံများအကြား လုံခြုံစိတ်ချရသော ထုတ်ကုန်များဖြစ်ရေး ကမ္ဘာ့စံနှုန်းများ သတ်မှတ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော် အငြင်းပွားမှုများအတွက် အောင်မြင်မှုတစ်ရပ် ဖော်ဆောင်ခဲ့

ကုလသမဂ္ဂ၊ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ သုတေသနပြုချက်အရ ကန် တန်ဖိုးဒေါ်လာ ၂၇ ထရီလီယံခန့် ဆောင်ရွက်ခဲ့သော ကမ္ဘာ့အီလက်ထရောနစ်စီးပွားရေးတွင်  နိုင်ငံဖြတ်ကျော်ကုန်သွယ်မှု၏ ပါဝင်မှုသည် လေးပုံတစ်ပုံထက်ပင် နည်းပါးနေကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းသည့် လက်ရှိယန္တရားများအပေါ် ယုံကြည်မှု နည်းပါးနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုညီလာခံက ဒိုမီနီကန်သမ္မတနိုင်ငံမှ တင်ပြလာသည် “နိုင်ငံဖြတ်ကျော် အငြင်းပွားမှုဖြေရှင်းရေး ကြေညာစာတမ်း” အားတူညီဆန္ဒဖြင့် သဘောတူညီခဲ့ကြပါသည်။ အဆိုပါ ကြေညာစာတမ်းမှာ အချိန်၊ နေရာမရွေး စားသုံးသူများ၏ နစ်နာမှုများအပေါ် တရားမျှတပြီး အချိန်နှင့်တပြေးညီ ပြန်လည်တောင်းဆိုပိုင်ခွင့်ရရှိနိုင်ကြောင်း ကမ္ဘာ့နိုင်ငံများ ညီညွတ်စွာ ကတိကဝတ်ပြုထားသည့် ကြေညာစာတမ်းဖြစ်ပါသည်။ အဆိုပါ ကြေညာစာတမ်းကို လက်တွေ့အကောင်အထည်ဖော်သည့်အနေဖြင့် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကလည်း ကမ္ဘာ့အွန်လိုင်းအငြင်းပွားမှု ဖြေရှင်းရေး ပလက်ဖောင်းဆောင်ရွက်ရန် အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ပလက်ဖောင်းမှာ အငြင်းပွားမှုများကို အပြန်အလှန် ဆောင်ရွက်နိုင်ခြင်း၊ အသုံးပြုသူများအတွက် လွယ်ကူအဆင်ပြေစေခြင်းတို့ရှိစေရန် ဆောင်ရွက်ထားပြီး နိုင်ငံများမှ လိုအပ်သော ဥပဒေရေးရာနှင့် အဖွဲ့အစည်းရေးရာ စွမ်းရည်များကို တည်ဆောက်ချိန်တွင် နယ်စပ်ဖြတ်ကျော် တိုင်ကြားမှုများကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

AI ခေတ်တွင် စားသုံးသူအခွင့်အရေးများ မြှင့်တင်ရေးလည်း ဆွေးနွေးခဲ့

အရှိန်အဟုန်ဖြင့် တိုးတက်လာသော AI နည်းပညာသည် စားသုံးသူများအတွက် အကျိုးရှိစေရန် ကမ္ဘာနှင့်အဝှန်း ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးရာ ညီလာခံက အထူးအစည်းအဝေးကျင်းပ၍ ဆွေးနွေးခဲ့ကြပါသည်။ AI ကို မှန်ကန်စွာအသုံးပြုခြင်းဖြင့် စားသုံးသူအကာအကွယ်ပေးရေးစနစ်များ ပိုမိုသွက်လက်စွာ တုံ့ပြန်နိုင်မည်ဖြစ်ရာ ညီလာခံက စားသုံးသူအကာအကွယ်ပေးရေးအဖွဲ့များမှ AI အသုံးပြု၍ အန္တရာယ်ရှိသော စီးပွားရေးနည်းလမ်းများ ဖော်ထုတ်နေမှု၊ တိုင်ကြားမှုနှင့် အရေးယူမှု များအား တင်ပြဆွေးနွေးခဲ့ပါသည်။

လူတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်သော အစားအစာဈေးကွက်များဖြစ်ပေါ်ရေး တောင်းဆိုခဲ့

ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လေ့လာဆန်းစစ်မှုများအရ စားနပ်ရိက္ခာ တန်ဖိုးကွင်းဆက်များတွင် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းဈေးကွက်၏ ၇၀ % နှင့် ကမ္ဘာ့ကောက်ပဲသီးနှံ ကုန်သွယ်မှု၏ ၈၅ % ကျော်ကို ထိပ်တန်းကုမ္ပဏီ ၄ ခု ကထိန်းချုပ်ထားကြောင်း တွေ့ရသဖြင့် ဈေးကွက်ရှိ လယ်သမားများ၊ စားသောက်ကုန်လုပ်သားများနှင့် စားသုံးသူများအပေါ် ၎င်းတို့၏ အပေးအယူလုပ်နိုင်မှု ကြီးမားကြောင်း၊ ယင်းကိုပြောင်းလဲနိုင်ရန် လုပ်ငန်းငယ် စီးပွားရေးသမားများအတွက် ဈေးကွက်ဖွင့်ပေးခြင်း၊ ရေရှည်အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည့် ယှဉ်ပြိုင်နိုင်မည့် မူဝါဒများချမှတ်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ခိုင်မာသည့် သတင်းအချက်အလက်စနစ်များနှင့် ဥပဒေ မူဘောင်များလိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။

အရေးကြီးသောအခြေအနေတွင် ကမ္ဘာနှင့်အဝှန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်ကြောင်း ဖော် ထုတ်ခဲ့ 

ညီလာခံမှ နိုင်ငံအလိုက်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ မယိမ်းယိုင်သော အားထုတ်မှုများ လိုအပ်ကြောင်း၊ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်းမှဖြေရှင်းခြင်းသို့ ကူးပြောင်းရန်၊ စားသုံးသူများ အားနေရာမရွေးအကာအကွယ်ပေးရန်နှင့် ဈေးကွက်များသည် အာဏာရှိသူ အနည်းစုအတွက်သာ မဟုတ်ဘဲ အားလုံးအတွက်ဖြစ်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေး အကောင်အထည်ဖော်မှုများတွင် ပိုမိုပူးပေါင်းနိုင်ရန် အားပေးခဲ့ပြီး အာဖရိကနှင့် လက်တင်အမေရိကဒေသများ၌ ဆောင်ရွက်နေသော ပူးပေါင်းစုံစမ်းစစ်ဆေးခြင်း၊ အချက်အလက်မျှဝေခြင်းနှင့် အဖွဲ့အစည်းများအား လေ့ကျင့်သင်ကြားမှုများကို ဆွေးနွေးခဲ့ပြီး ညီလာခံ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ်        https://unctad.org