တရုတ်ကုန်သွယ်ရေးဂယက် (China Shock) ကို ကြုံတွေ့နိုင်သည့် အာဆီယံ
ပြီးခဲ့သည့်နှစ်များကတည်းက အမေရိကန်နှင့် ဥရောပတို့သည် တရုတ်နှင့် စီးပွားဆက်ဆံရေးကို လျှော့ချရန် ကြိုးပမ်းလာရာ တရုတ်ကလည်း အာဆီယံအပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပို့ကုန်ဈေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းခဲ့ပါသည်။ သို့သော် အာဆီယံဒေသတွင်းရှိ ထုတ်လုပ်သူများသည်ပင် ယှဉ်ပြိုင်နိုင်မှုအတွက် ကြိုးပမ်းနေချိန် တရုတ်၏ လာရောက်ပေါင်းစည်းမှုက ၎င်းတို့အတွက် စီးပွားရေးဆိုင်ရာ စွန့်စားရမှုများလည်း ဖြစ်လာနိုင်ပါသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှုများက မည်သို့သော သဘောတူညီချက်များ ရရှိစေကာမူ တရုတ်မှ အမေရိကန်နှင့် ဥရောပတို့သို့ ပို့ကုန်များ ဆက်လက်ကျဆင်းရန် အလားအလာရှိနေပြီး အာဆီယံကလည်း တရုတ်မှ သွင်းကုန်များ အထူးသဖြင့် လျှပ်စစ်ကားများ၊ ဘက်တ္ထရီများနှင့် ဆိုလာစွမ်းအင်သုံးပစ္စည်းများနှင့် ဆက်စပ်နေသည့် "စွန့်စားမှု" ကိုဖယ်ရှားရန် ကြိုးပမ်းလျက်ရှိပါသည်။
အမေရိကန်နှင့် ဥရောပသို့ တရုတ် ပို့ကုန်တင်ပို့မှုသည် နှစ်စဉ် ပုံမှန်ကျဆင်းနေပြီး ၂၀၁၈ ခုနှစ်တွင် အမေရိကန်သို့ တရုတ်ပို့ကုန် စုစုပေါင်း၏ ၂၀ % နီးပါး တင်ပို့ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၁၄.၇ % သို့ ကျဆင်းသွားခဲ့ကြောင်း၊ အဆိုပါ ကာလအတွင်း ဥရောပသို့ တင်ပို့မှုသည်လည်း ၁၇ % မှ ၁၄.၄ % အထိ အနည်းငယ် ကျဆင်းသွားကြောင်း၊ သို့သော် အာဆီယံနိုင်ငံများသို့ ၂၀၂၄ ခုနှစ်တွင် တရုတ်ပို့ကုန်တင်ပို့မှုသည် အမေရိကန်နှင့် ဥရောပတို့ထက် ကျော်လွန်ကာ ၁၆.၄ % တင်ပို့ခဲ့ကြောင်း တွေ့ရှိရပါသည်။
တဆင့်ခံ ကုန်သွယ်မှုလမ်းကြောင်းများ ပြောင်းလဲလာခြင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း စတင်ခဲ့သည့် ၂၀၁၈ ခုနှစ် ကုန်သွယ်ရေးစစ်ပွဲအပြီးတွင် အာဆီယံနိုင်ငံများအပေါ် တရုတ်၏ အာရုံစိုက်မှု အရှိန်အဟုန်မြင့်လာပါသည်။ ဥပမာ ဗီယက်နမ်မှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှု တဖြည်းဖြည်း တိုးမြှင့်လာမှုသည် တရုတ်မှ ဗီယက်နမ်သို့ သွင်းကုန် တဖြည်းဖြည်းတိုးမြှင့်လာမှုနှင့် ကိုက်ညီနေကြောင်း၊ ယင်းသို့ တရုတ်သည် ကြားခံကုန်သွယ်မှုလမ်းကြောင်းမှတဆင့်ခံ ပို့ကုန်တင်ပို့မှုအပေါ် ထရမ့်အစိုးရက ဟန့်တားသည့်အနေဖြင့် အာဆီယံနိုင်ငံများအား 'အပြန်အလှန်အကောက်ခွန်' စည်းကြပ်ရန် ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အာဆီယံနိုင်ငံအများစုအတွက် ပင်ရင်းဒေသစည်းမျဉ်းအခွင့်အရေး ချိုးဖောက်မှုကြောင့် ပြန်လည်ဖြေရှင်းရန် လိုအပ်လာခြင်းများရှိလာပါသည်။ (လက်ရှိတွင် အာဆီယံနိုင်ငံများအား အပြန် အလှန်အကောက်ခွန်ကို ခေတ္တဆိုင်းငံ့ထားပါသည်။) တရုတ်မှ အာဆီယံသို့ ပို့ကုန်များမှာ ပြန်လည် ထုတ်လုပ်တင်ပို့မည့် ကြားခံအဆင့်ကုန်စည်များဖြစ်သော်လည်း ကုန်ချောများကို အာရှဈေးကွက်၌သာ ပြန်လည်ရောင်းချနေခြင်းကြောင့် အာရှ၌ ထုတ်လုပ်၍ ပြန်လည်တင်ပို့မည့် လမ်းကြောင်းလည်း ပြောင်းလဲလာတော့မည်ဖြစ်ပါသည်။
E-commerce ပလပ်ဖောင်းများတွင် ဈေးနှုန်းသက်သာစွာ ရောင်းချသော တရုတ်ကုန်စည်များကို အာဆီယံက တင်သွင်းမှုကြောင့် ဒေသတွင်းထုတ်လုပ်သူများ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ထုတ်လုပ်သူများအတွက် စိုးရိမ်စရာဖြစ်လာပါသည်။ ဥပမာ အင်ဒိုနီးရှားသို့ တရုတ်အ၀တ်အထည်များ တင်သွင်းမှုမြင့်တက်လာခြင်းကြောင့် အင်ဒိုနီးရှား အထည်အလိပ်ထုတ်လုပ်မှုကဏ္ဍ၌ လျှော့ချခဲ့ရသည့် အလုပ်သမားဦးရေသည် ၂၀၂၄ ခုနှစ်တွင် ၈၀,၀၀၀ မှ ၂၀၂၅ ခုနှစ်တွင် ၂၈၀,၀၀၀ ထိ ဖြစ်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံရှိ ပရိဘောဂများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အထည်ချုပ်များ၊ မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် စတီးလ်များ ထုတ်လုပ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းစက်ရုံ ၁၀၀ ကျော်သည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ် အထိ အလားတူ တရုတ်ကုန်စည်များနှင့် ယှဉ်ပြိုင်နေရသောကြောင့် လစဉ်ပိတ်ခဲ့ရပါသည်။
အာဆီယံတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည် တိုးတက်လျက်ရှိပြီး အထူးသဖြင့် လျှစ်စစ်မော်တော်ယာဉ်များ၊ ဘက်တ္ထရီများနှင့် နေရောင်ခြည်သုံးစွမ်းအင်ကဏ္ဍတို့ဖြစ်ပါသည်။ တရုတ် BYD ကားကုမ္ပဏီသည် ထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ယာဉ်စက်ရုံကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် တည်ထောင်ခဲ့ခြင်း၊ တရုတ်ဘက်တ္ထရီကုမ္ပဏီ CATL သည် အင်ဒိုနီးရှားနိုင်ငံ၏ နီကယ်ကဏ္ဍ၌ ၂၀၂၃ ခုနှစ်တွင် ရင်းနှီးမြုပ်နှံခဲ့ခြင်းတို့ကြောင့် ဒေသတွင်း အလုပ်အကိုင်များရရှိကာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များတွင် အာဆီယံ ပါဝင်နိုင်ရေး အထောက်အကူဖြစ်စေသော်လည်း နိုင်ငံအလိုက် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ဥပမာ ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ် ရောင်းလိုအား များပြားခြင်းကြောင့် နိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်တွင် ထုတ်လုပ်မှုလျော့ချခြင်းနှင့် စျေးနှုန်းယှဉ်ပြိုင်မှုများလာကာ ထိုင်း မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ ပိတ်ပစ်ခဲ့ပါသည်။ အာဆီယံရှိ စီးပွားရေးအင်အားကြီးနိုင်ငံများတွင် တရုတ်သွင်းကုန်များကြောင့် ကုန်သွယ်မှုစစ်ပွဲဖြစ်ပေါ်လာနိုင်ခြေကို စိုးရိမ်နေကြပါသည်။
တရုတ်ကုန်သွယ်ဖက်နိုင်ငံများသည် စျေးပေါသော တရုတ်သွင်းကုန်များကြောင့် ပြည်တွင်းထုတ်ကုန် ဈေးကွက်ကျဆင်းရာမှ စီးပွားရေးကျဆင်းလာနိုင်ပါသည်။ အာဆီယံဒေသတွင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံကြောင့် ပြည်တွင်းဈေးကွက်ကျဆင်းခြင်း (imported deflation) ကို ကြုံတွေ့နေရပြီး မကြာမီ မလေးရှားနှင့် စင်ကာပူတို့လည်း တွေ့ကြုံလာနိုင်ပါသည်။ ထို့ကြောင့် တရုတ်မိတ်ဆွေ အာဆီယံအနေဖြင့် ပြောင်းလဲနေသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြင်ကွင်းကို သတိဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အတိတ်အတိုင်း ပြန်သွားမည်ဆိုပါက ပြည်တွင်းဝယ်လိုအား တိုးမြှင့်ခြင်းနှင့် ပြည်တွင်းကုမ္ပဏီများကို ကာကွယ်မည့် မူဝါဒများ ချမှတ်ခြင်းတို့သာ ဆောင်ရွက်လာနိုင်ဖွယ်ရှိပါသည်။ ထိုအခါ လက်ရှိ အာဆီယံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသည် နှေးကွေးလာနိုင်ကြောင်းတွေ့ရှိရပါသည်။
ရင်းမြစ်။ https://www.hindustantimes.com