ဆန်ဈေးနှုန်း ကျဆင်းနေသော်လည်း ဆန်တင်သွင်းမှု လျော့ကျနေသည့် ဖိလစ်ပိုင်

 

နိုင်ငံတကာတွင် ဆန်ဈေးနှုန်းများ ကျဆင်းနေသော်လည်း မေလ ၂ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှုများ တိုးတက်လာခြင်းမရှိကြောင်း အစိုးရ၏ နောက်ဆုံးထုတ်ပြန်ထားသည့် သတင်းများအရ သိရှိရသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဆန်တင်သွင်းမှု စုစုပေါင်းသည် ပြီးခဲ့သည့်နှစ်ကထက် ၂၁.၃၃ % လျော့ကျခဲ့ပြီး မက်ထရစ်တန် ၁.၃၂ သန်း သာရှိကြောင်း၊ သို့သော် ဧပြီလအတွင်း ဆန်တင်သွင်းမှုသည် လစဉ်ပျမ်းမျှ တင်သွင်းခဲ့သည့် မက်ထရစ်တန် ၃၉၅,၅၃၆.၉၀ ထက်ပိုမိုကာ မက်ထရစ်တန်ချိန် ၄၁၇,၆၂၆ ရှိခဲ့ကြောင်း၊ ဆန်တင်သွင်းမှု စုစုပေါင်းအနက် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁.၁၂ သန်းဖြင့် အများဆုံးတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ တန်ချိန် ၈၆,၂၇၁.၁၃ ဖြင့် ဒုတိယအများဆုံး တင်သွင်းခဲ့ကြောင်း၊ ပါကစ္စတန်မှ တန်ချိန် ၇၁,၁၂၅.၆၈၊ အိန္ဒိယမှ တန်ချိန် ၂၁,၄၅၇.၅၂ နှင့် မြန်မာနိုင်ငံမှ တန်ချိန် ၁၃,၅၇၇ တို့လည်းအသီးသီးတင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဆန်တန်ချိန် ၂.၂၇ သန်းတင်သွင်းရန်အတွက် အပင်၊ လူနှင့်တိရစ္ဆာန် ကျန်းမားရေး ရောဂါကင်းရှင်းကြောင်း တင်သွင်းခွင့်ထောက်ခံချက် (SPSIC) စုစုပေါင်း ၂,၇၃၆ စောင် ထုတ်ပေးခဲ့ကြောင်း၊ ဖိလစ်ပိုင် ပြည်တွင်းဆန်ထုတ်လုပ်မှု တိုးတက်လာခြင်းနှင့် ရာသီဥတုအခြေအနေ ပိုမိုကောင်းမွန်လာခြင်းတို့ကြောင်း ယခုနှစ်ဆန်တင်သွင်းမှု နည်းပါးလိမ့်မည်ဖြစ်ကြောင်း၊ အခြားအချက်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် အမြင့်ဆုံး ၄.၈ သန်းတင်သွင်းခဲ့သဖြင့် ယခုနှစ်ဆန် တန်ချိန် ၃.၈ သန်းမှ ၄ သန်း ထိသာ တင်သွင်းလိမ့်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဌာန (DA) က ခန့်မှန်းထားသည်။

အိန္ဒိယက ဘက်စမာတီမဟုတ်သော ဆန်တင်ပို့မှုကို တားမြစ်ရာမှ ဖြေလျှော့ပေးလိုက်ခြင်းက ကမ္ဘာ့ဆန်ရောင်းလိုအား ပိုမိုတိုးတက်လာပြီး ၂ နှစ်အတွင်း ဆန်ဈေးနှုန်းတစ်တန် (MT) လျှင် ဒေါ်လာ ၃၈၀ အောက်ဖြင့် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်ကလည်း ယခုနှစ်တွင်း ကမ္ဘာ့ဆန်ရောင်းလိုအားများပြားလာမှုကြောင့် ဆန်ဈေးနှုန်းများ ၂၉ % ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန (DA) မှဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ကုန်စည်ဈေးကွက် အလားအလာ အစီရင်ခံစာအရ ကမ္ဘာ့ဆန်ထုတ်လုပ်မှုမှု ၂၀၂၄ - ၂၅ ခုနှစ်တွင် ၂ % ထိတိုးလာမည်ဟု မျှော်မှန်းထားပြီး ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ % ခန့်ရှိသော အိန္ဒိယ၏ ဆန်ထုတ်လုပ်မှုသည် ၅ % တိုးလာမည်ဖြစ်ကြောင်း၊ ဆန်ထုတ်လုပ်မှု အနည်းငယ် တိုးမြင့်လာခြင်းနှင့် ဆန်ဝယ်လိုအား ပုံမှန်ဖြစ်ခြင်းကြောင့် ၂၀၂၆ ခုနှစ်တွင် ဆန်ဈေးတည်ငြိမ်မည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းအချက်က အခြားနိုင်ငံများမှ ဆန်တန်ချိန် ၅ သန်းနီးပါး ယမန်နှစ်က ဝယ်ယူခဲ့သော ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူဖိလစ်ပိုင်အတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ရင်းမြစ်-        https://ricenewstoday.com