ကုန်သွယ်ရေးဆွေးနွေးပွဲများပြုလုပ်ပြီးနောက် တရုတ်နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း အမေရိကန် ပြောကြား

 

ဆွစ်ဇာလန်တွင် ကျင်းပခဲ့သော ပထမအကြိမ် တရုတ် - အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲမှ တိုးတက်မှုများရရှိခဲ့ကြောင်း နှစ်နိုင်ငံစလုံးက ထုတ်ပြန်ကြေညာခဲ့သည်။ အိမ်ဖြူတော်က ကုန်သွယ်ရေး သဘောတူညီချက်ဟု ဖော်ပြခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေး၍ တနင်္လာနေ့တွင် ထုတ်ပြန်မည့် ပူးတွဲကြေညာချက်၌ ပါဝင်နိုင်မည်ဟု မျှော်လင့်ရပါသည်။

ယခုဆွေးနွေးပွဲသည် အမေရိကန်က တရုတ်ကုန်စည်များအပေါ် အကောက်ခွန် ၁၄၅ % စည်းကြပ်လိုက်သဖြင့် တရုတ်ကလည်း အမေရိကန်ကုန်စည်အချို့အပေါ် ၁၂၅ % အကောက်ခွန်ဖြင့် ပြန်လည်တုံ့ပြန်ပြီးနောက်  နှစ်နိုင်ငံကြား ပထမဆုံးသော တိုက်ရိုက် တံခါးပိတ်ဆွေးနွေးပွဲဖြစ်ပါသည်။

၂ ရက်ကြာ ဆွေးနွေးပွဲအပြီး အမေရိကန် ငွေတိုက်ဝန်ကြီး စကော့ဘက်ဆန့်က အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲမှ လျော့ကျရေး ဆောင်ရွက်ရာတွင် သိသာသော တိုးတက်မှုရရှိခဲ့ကြောင်း၊ တရုတ်ဒုတိယဝန်ကြီးချုပ် ဟိုင်ဟီဖန်က ယခုဆွေးနွေးပွဲများသည် နှစ်နိုင်ငံအတွက် သာမက ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသော အကျိုးသက်ရောက်မှုရှိကြောင်း၊ အဓိကသဘောတူညီချက်များစွာရရှိခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု ယန္တရားတစ်ခု ထူထောင်ရန်လည်းပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အမေရိကန်ကုန်သွယ်ရေး အမြဲတမ်းကိုယ်စားလှယ် ဂျေမီဆန်ဂရီယာက အမေရိကန်၏ ကုန်သွယ်ရေးလိုငွေ ၁.၂ ထရီလီယံဒေါ်လာခန့် လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နာဂိုဇီအိုကွန်ဂျိုအီဝါလားက ကြီးမားသော တိုးတက်မှုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပြီး ယခုအရှိန်အဟုန်အတိုင်း ဆက်လက်တည်ဆောက်သွားရန် စသည်ဖြင့် ပြောကြားခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးမှုကြောင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင် စတော့ဈေးများ မြင့်တက်ခဲ့ပြီး၊ အမေရိကန်စတော့ဈေးကွက်လည်း ပိုမိုမြင့်တက်လာမည်ဟု မျှော်မှန်းရကာ တရုတ်ယွမ်သည် အမေရိကန်ဒေါ်လာထက် ပိုမိုခိုင်မာလာကြောင်းတွေ့ရပါသည်။

အမေရိကန်ကုန်သွယ်ရေး ဒုတိယဝန်ကြီးဟောင်းတစ်ဦးက သမိုင်းတစ်လျှောက် ပုံမှန်စံနှုန်းများထက် အလွန်မြင့်မားနေသော နှစ်နိုင်ငံအကောက်ခွန်နှုန်းများအား လျှော့ချရန် ကြိုးပမ်းသင့်ကြောင်း၊ နိုင်ငံတကာ ကုန်သည်များအသင်း (ICC) မှ ဒုတိယအတွင်းရေးမှူးချုပ်က အကောက်ခွန်နှုန်းများ၂၀% ထက် ကျော်လွန်နေသရွေ့ နိုင်ငံတကာကုန်သွယ်ရေးအတွက် ကြီးမားသောအဟန့်အတား ဖြစ်နေသေးကြောင်း၊ စံအကောက်ခွန်နှုန်းကို ၃၀ % တွင် အခြေခံထားပြီး၊ ၂၀% သို့ရောက်ရှိရန် လျော့ချသွားသင့်ကြောင်း၊ ကုန်သွယ်ရေးမူဝါဒပိုင်း ကျွမ်းကျင်သူတစ်ဦးက ရရှိခဲ့သော သဘောတူညီချက်မှာ ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲပထမနေ့အပြီးတွင် သမ္မတထရမ့်က လုံးဝအသစ်ပြန်စရသဖြင့် နှစ်နိုင်ငံလုံးအတွက် ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲမစတင်မီက နှစ်ဖက်စလုံးက သတိပေးချက်များကို အပြန်အလှန်ထုတ်ပြန်ခဲ့ကြပြီး ဝါရှင်တန်ဘက်မှ တဖက်သတ်အခွန်လျှော့ခြင်းကို ဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် တရုတ်အနေဖြင့် သဘောတူညီနိုင်ချေများကို ပြင်ဆင်လာရန်လိုကြောင်း ဖော်ပြခဲ့သလို တရုတ်ဘက်မှလည်း အမေရိကန်အနေဖြင့် အကောက်ခွန်လျော့ချသွားရန်လိုကြောင်း၊ ကမ္ဘာတစ်ဝန်း မျှော်လင့်ချက်များ၊ နိုင်ငံ့အကျိုးစီးပွားနှင့် အမေရိကန်လုပ်ငန်းရှင်များကို တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားလျက် ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှတဆင့် ဖော်ပြခဲ့သည်။ 

BBC ၏ စစ်တမ်းတစ်ခုအရ အမေရိကန်၏ ကုန်သွယ်ခွန်မြှင့်တင်မှုများကြောင့် တရုတ်ပို့ကုန်လုပ်ငန်းရှင်များ ရုန်းကန်နေရသလို တစ်ဖက်တွင်လည်း အမေရိကန်သို့ သွင်းကုန်များ တင်သွင်းနိုင်ရေး ကြိုးပမ်းနေရသဖြင့် အမေရိကန်စီးပွားရေးသည် တစ်နှစ်အတွင်း ၀.၃ % နှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရပါ သည်။

အမေရိကန်က အဆိုးဝါးဆုံး ကုန်သွယ်ဖက်နိုင်ငံများအဖြစ်သတ်မှတ်ပြီး အကောက်ခွန်တိုးမြှင့်ခဲ့သည့် နိုင်ငံပေါင်း ၆၀ ခန့်တွင် ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့ ပါဝင်ပါသည်။ အမေရိကန်သည် သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် ၂၅ % သွင်းကုန်ခွန်ကောက်ခံခဲ့ပြီး မော်တော်ယာဉ်နှင့် ကားအပိုပစ္စည်းများအပေါ် ထပ်ဆောင်း ၂၅ % ကောက်ခံခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က ဗြိတိန်နှင့်အမေရိကန်ကြား သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး ဗြိတိန်မော်တော်ယာဉ် ၁ သိန်းအထိကို အကောက်ခွန် ၁၀ % သာ ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းမြစ်-        https://www.bbc.com/news/articles/cn053edex5eo