ဝါရှင်တန်၌ ကုန်သွယ်ရေးဆွေးနွေးပွဲ စတင်တော့မည့် ကမ္ဘောဒီးယားနှင့် အမေရိကန်

 

အကြိုညှိနှိုင်းမှုများကို မေလ ၂ ရက်နေ့က အွန်လိုင်းနည်းဖြင့် ပြုလုပ်ခဲ့သော ကမ္ဘောဒီးယားနှင့် အမေရိကန်တို့သည် မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ဝါရှင်တန်၌  ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ နှစ်ဖက်လုံးက စီးပွားရေးဆက်ဆံမှုများ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် တိုးတက်မှုများ၊ အခွင့်အလမ်းများကို သုံးသပ်ကြမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားဘက်မှ ဒုတိယဝန်ကြီးချုပ် Sun Chanthol နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ဦးဆောင်မည်ဖြစ်ပြီး အမေရိကန်ဘက်မှ ကုန်သွယ်ရေးဒုတိယဝန်ကြီး၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတာဝန်ခံ Sarah Ellerman က ဦးဆောင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား၊ တော်ဝင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။ 

မေလ ၂ ရက်နေ့ ညှိနှိုင်းမှုများတွင် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့်နည်းလမ်းများကို အဓိကထားဆွေးနွေးခဲ့ကြပြီး ဝါရှင်တန်ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဝန်ကြီးချုပ် ဟွန်မာနက်၏ ဦးဆောင်မှုအောက်တွင် ကမ္ဘောဒီးယားသည် အမေရိကန်နှင့် အပြန်အလှန် အကျိုးရှိသော စီးပွားရေး မိတ်ဖက်အဖြစ် တည်ဆောက်ရန်နှင့် လက်တွဲဆောင်ရွက်သွားရန် ကတိပြုထားကြောင်း ကမ္ဘောဒီးယား၊ တော်ဝင်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

နှစ်နိုင်ငံနောက်ဆုံးညှိနှိုင်းမှုက ကမ္ဘောဒီးယား၏ သံတမန် စီးပွားဆက်ဆံရေး မဟာဗျူဟာဖြစ်သော ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန်နှင့် စျေးကွက်ဝင်ရောက်မှုချဲ့ထွင်ရန်တို့ကို တွန်းအားပေးနိုင်ခဲ့ကြောင်း  မီးမောင်းထိုးပြနေပါသည်။

ကမ္ဘောဒီးယား - အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းမှုများအတွက် ပြင်ဆင်နေချိန်တွင် ကမ္ဘောဒီးယား-တရုတ်ကူးသန်းရောင်းဝယ်ရေးအသင်း(CCCA)မှ ကိုယ်စားလှယ်တစ်ဦးက ပိုမိုကောင်းမွန်သော ရလဒ်များထွက်ပေါ်လာရန် အမေရိကန်ကုန်ပစ္စည်းများ တိုးမြှင့်တင်သွင်းသင့်ကြောင်း၊ အမေရိကန် ထုတ်ကုန်များအပေါ် အကောက်ခွန် ၀ % ကျင့်သုံးနိုင်ခြေကိုလည်း လေ့လာသင့်ကြောင်း၊ ကမ္ဘောဒီးယား ပို့ကုန်များကို အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများထက် ပိုမိုချဲ့ထွင်သင့်ကြောင်း၊ အမေရိကန် ကုမ္ပဏီများအတွက် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ဖန်တီးပေးသင့်ကြောင်း၊ ကုန်သွယ်ရေးညှိနှိုင်းမှုဆွေးနွေးပွဲမှ နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် လက်တွေ့ကျသောနည်းဖြင့် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်မာနက်က နှစ်ဖက်ညှိနှိုင်းမှုများ၏ ရှုပ်ထွေးမှုများနှင့် ကမ္ဘောဒီးယားနိုင်ငံအပေါ် ကြီးမားစွာ စီးပွားရေးအကျိုးသက်ရောက်နိုင်မှုများကို မေလ ၁ ရက်၊ အလုပ်သမားနေ့ အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန် အကောက်ခွန်နှုန်းထားများကြောင့် ကမ္ဘောဒီးယား အဓိကပို့ကုန်များ၊ ထုတ်လုပ်မှုလမ်းကြောင်းများနှင့် အလုပ်အကိုင်များကို ဆိုးရွားစွာ  ထိခိုက်စေနိုင်ကြောင်း၊ ဝါရှင်တန်နှင့် မဟာမိတ်ဖွဲ့ထားသော ဂျပန်နိုင်ငံသည်ပင် အမေရိကန်၏ ၂၄ % အခွန်စည်းကြပ်မှုကို ဖြေရှင်းရန် ရုန်းကန်နေရချိန်တွင် ကမ္ဘောဒီးယားကဲ့သို့ နိုင်ငံငယ်များ၏ ရေရှည်ကုန်သွယ်မှု အခွင့်အလမ်းများအတွက် စိန်ခေါ်မှုများရှိနေကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

အခြားနိုင်ငံများနှင့်မတူပဲ ကမ္ဘောဒီးယားက နှစ်နိုင်ငံဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ် ဦးဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် နိုင်ငံအတွက် ခိုင်မာသော ရလဒ်များရရှိရန် မည်မျှအရေးကြီးကြောင်းကို ဖော်ပြခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန် မူဝါဒဖြစ်သော ၄၉ % အခွန်နှုန်းကြောင့် ကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံများအနက် အနစ်နာဆုံး ဖြစ်ခဲ့ ကြောင်း  သိရှိရပါသည်။

ရင်းမြစ်။        https://www.khmertimeskh.com/