အမေရိကန်ရုပ်ရှင်မဟုတ်သော နိုင်ငံခြားရုပ်ရှင်များအား ၁၀၀% အခွန်စည်းကြပ်မည်ဟု ထရမ့်ပြောကြား

 

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် ကုန်သွယ်ရေးအငြင်းပွားမှုများ အရှိန်မြှင့်လာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရုပ်ရှင်များအား ၁၀၀% အခွန်စည်းကြပ်တော့မည်ဖြစ်ကြောင်း၊ ရုပ်ရှင်ထုတ်လုပ်သူများနှင့် စတူဒီယိုများအား ဆွဲဆောင်ရန် အခြားနိုင်ငံများ၏ မက်လုံးများပေးခြင်းသည် အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုများဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် သမဂ္ဂအဖွဲ့တစ်ခုကမူ ထရမ့်၏ ထုတ်ဖော်ပြောဆိုချက်များသည် ရုပ်ရှင်လုပ်ငန်းအတွက် အရှိုက်ထိစေနိုင်ကြောင်း သတိပေးခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူများသည် နှစ်ပေါင်းများစွာကတည်းက ကုန်ကျစရိတ်သက်သာသော ဗြိတိန်၊ ကနေဒါစသည့် နိုင်ငံများသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ထရမ့်၏ ကြေညာချက်ကို အတည်ပြုထားသော်လည်း ပြည်ပတွင်ရိုက်ကူးသော အမေရိကန်ရုပ်ရှင်များအား အကောက်ခွန်ကောက်ခံခြင်း၊ Netflix ကဲ့သို့ အွန်လိုင်းရုပ်ရှင်များ နှင့် ရုပ်ရှင်ရုံများအား အခွန်ကောက်ခံမည့်အစီအစဉ်၊အပါအဝင် အသေးစိတ် အချက်အလက်များ ဖော်ပြခြင်း မရှိသေးပေ။ 

ဥရောပရုပ်ရှင်ထုတ်လုပ်သူ Timothy Richards က ထရမ့်အား “အမေရိကန်ရုပ်ရှင်” အား အဓိပ္ပာယ်ဖွင့်ဆိုမှုကို မေးခွန်းထုတ်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကတည်းက ကယ်လီဖိုးနီးယားတွင် ရိုက်ကူးမှုစရိတ်များ သိသာစွာ မြင့်တက်လာမှုများကြောင့် ထုတ်လုပ်သူများက အခြားနေရာများသို့ ရွှေ့ပြောင်းသွားကြပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်မီဒီယာသမဂ္ဂ Bectu က ယခုအကောက်ခွန်ကြောင့် ကမ္ဘာ့ကပ်ရောဂါနှင့် မကြာသေးမီက စီးပွားရေးကျဆင်းမှုတို့ကြောင့် ဆုတ်ယုတ်နေသော ရုပ်ရှင်လုပ်ငန်းအပေါ် ကြီးမားစွာ ထိခိုက်နိုင်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးအတွက် အသက်သွေးကြောကဏ္ဍကိုသာ အဓိကထားပြီး အဆိုပါကဏ္ဍကို အားဖြည့်နေသူများအား ကူညီထောက်ပံ့ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဗြိတိန်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဝန်ကြီးဌာနက ယခုထုတ်ပြန်ချက်အပေါ် တုံ့ပြန်ခြင်းမရှိသေးသော်လည်း ဩစတြေးလျနှင့် နယူးဇီလန်အစိုးရများက ၎င်းတို့၏ ရုပ်ရှင်လုပ်ငန်းများကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်က အကောက်ခွန်နှုန်းများသည် အမေရိကန်ထုတ်လုပ်သူများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အကာအကွယ်ပေးရန်ဟု ငြင်းချက်ထုတ်နေချိန်တွင် ကမ္ဘာ့စီးပွားရေးသည် ပရမ်းပတာနှင့် ကုန်ဈေးနှုန်းများ တက်နေကြောင်း၊ ရုပ်ရှင်လုပ်ငန်း သုတေသနကုမ္ပဏီ Prod Pro ၏ပြောကြားချက်အရ စိန်ခေါ်မှုများကြားမှ အမေရိကန်သည် ကမ္ဘာ့ရုပ်ရှင်ထုတ်လုပ်မှုများ၏ ဗဟိုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ရုပ်ရှင်လုပ်ငန်းသည် ဒေါ်လာ ၁၄.၅၄ ဘီလီယံ (ပေါင် ၁၀.၉၄ ဘီလီယံ) သုံးစွဲခဲ့ကြောင်း၊ သို့သော် အဆိုပါ ပမာဏသည် ၂၀၂၂ ခုနှစ် ကထက်  ၂၆% ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူကာလအတွင်း  ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် ဗြိတိန် တို့တွင်လည်း ရုပ်ရှင်အသုံးစရိတ်များ တိုးတက်ခဲ့ကြောင်း၊ ယခုကြေညာချက်မတိုင်မီကတည်းက အမေရိကန် ရုပ်ရှင်လုပ်ငန်းသည်  ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများကြောင့် ဆုံးရှုံးမှုများ ခံစားခဲ့ရပြီးဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။ 

ဧပြီလတွင် တရုတ်နိုင်ငံက အမေရိကန်ရုပ်ရှင်များ တင်သွင်းခွင့်ခွဲတမ်းကို လျှော့ချခဲ့ပြီး အမေရိကန်၏ တရုတ်အပေါ် အကောက်ခွန်ဖြင့် မှားယွင်းစွာ အနိုင်ကျင့်မှုကြောင့် တရုတ်ပြည်သူများ အမေရိကန် ရုပ်ရှင်များကို ကြိုက်နှစ်သက်မှု လျော့နည်းသွားနိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် ဈေးကွက်စည်းမျဉ်းများအတိုင်း လိုက်နာပြီး ပရိသတ်၏ ရွေးချယ်မှုကို လေးစားကာ အမေရိကန်ရုပ်ရှင် တင်သွင်းခွင့် အရေအတွက်ကို အတန်အသင့် လျှော့ချသွားမည်ဖြစ်ကြောင်း တရုတ်ရုပ်ရှင်ကြီးကြပ်မှုဌာနက ပြောကြားခဲ့သည်။

ရင်းမြစ် - https://www.bbc.com/news/articles/cjr7e2z1rxyo