ထရမ့်၏ အခွန်စည်းကြပ်မှုအပေါ် လက်တုံ့ပြန်ခြင်းထက် စေ့စပ်ညှိနှိုင်းမှုဆောင်ရွက်ရန် ဥရောပသမဂ္ဂပိုမိုအားသာ

 

ဥရောပသမဂ္ဂ၏ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်က မတ်လ ၁၂ ရက်နေ့မှစ၍ အခွန် ၂၅ %ကောက်ခံတော့မည်ဖြစ်ရာ တန်ပြန်ဆောင်ရွက်မှုများအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများသည် ဗီဒီယိုကွန်ဖရန့်ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အကောက်ခွန်များသည် တရားမျှတမှုမရှိဘဲ တူညီသောတုံ့ပြန်မှုများရှိလာနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကသတိပေးခဲ့ပြီး ဝန်ကြီးများ အနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားရန် လက်တုံ့ပြန်ခြင်းထက် စေ့စပ်ညှိနှိုင်းရေးကို ဦးစားပေးလိုကြောင်း ဥရောပသမဂ္ဂမှ အရာထမ်းတစ်ဦးကပြောကြားခဲ့ပါသည်။

အမေရိကန်ကိုတုံ့ပြန်မည့် နည်းလမ်းများတွင် ၂၀၁၈ ခုနှစ်က ကျင့်သုံးခဲ့သည့် ဘော်ဘွန်းဝီစကီမှ ဟာလီဒေဗစ်ဆင် မော်တော်ဆိုင်ကယ်အထိ အမေရိကန်ထုတ်ကုန်များအပေါ် တင်သွင်းခွန်များ ပြန်လည်ကောက်ခံခြင်းကဲ့သို့သော နည်းလမ်းများကို ဆွေးနွေးခဲ့သော်လည်း စေ့စပ်ညှိနှိုင်းမှုသာ အကောင်းဆုံးဖြစ်ကြောင်း၊ အီးယူနိုင်ငံများ စည်းလုံးညီညွတ်စွာဖြင့် မတ်လ ၁၂ ရက် နောက်ဆုံးထား စေ့စပ်ညှိနှိုင်းရန်၊ အမေရိကန်နှင့် အခွန်ဆိုင်ရာ အထွေထွေသဘောတူညီချက် တစ်ခုရရှိရေး ဆက်လက်ဆွေးနွေးသွားရန်၊ အမေရိကန်နှင့် အဖြေထွက်သည်အထိ ဆွေးနွေးဆဲကာလတွင်လည်း တန်ပြန်နည်းလမ်းများ ပြင်ဆင်ထားပြီးဖြစ်ကြောင်း အသိပေးထားရန် စသည့်နည်းလမ်းများကို စပိန်၊ ဂျာမနီအပါအဝင် အီးယူကုန်သွယ်ရေးဝန်ကြီးများက ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဥရောပကော်မရှင်က တန်ပြန်အစီအမံအသေးစိတ်ကို ပြောကြားခြင်းမရှိသော်လည်း ၂၀၁၈ ခုနှစ် က ဥရောပကော်မရှင်ဥက္ကဋ္ဌနှင့် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ကြား သဘောတူခဲ့သည့် အမေရိကန်၏ ဘော်ဘွန်းဝီစကီ မော်တော်ဆိုင်ကယ်နှင့် လိမ္မော်ဖျော်ရည်ကဲ့သို့သော ကုန်ပစ္စည်းများအား အကောက်ခွန်တိုးမြင့်ခြင်းကို ပြန်လည်အသက်သွင်းလာနိုင်ကြောင်း၊ ဥရောပစက်မှုလုပ်ငန်း သတင်းရင်းမြစ်တစ်ခုက အီးယူသည် လက်တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေပြီဟု ရှင်းရှင်းလင်းလင်းသိသာစေရန်နှင့် အမေရိကန်၏ အခွန်ကောက်ခံမှု မစတင်မီ ညှိနှိုင်းမှုများ လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ 

ဥရောပသမဂ္ဂသည် အမေရိကန်သို့ သံမဏိနှင့် အလူမီနီယမ် အများဆုံးတင်ပို့သူမဟုတ်သော်လည်း အမေရိကန်သည် ဥရောပသမဂ္ဂအတွက် ဒုတိယအကြီးဆုံး စျေးကွက်ဖြစ်ပါသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း အမေရိကန်သို့ အီးယူ၏ နှစ်စဉ် ပျမ်းမျှ ယူရို ၃ ဘီလီယံခန့် သံမဏိတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း အလူမီနီယမ် ယူရို ၂.၄ ဘီလီယံတင်ပို့ခဲ့ကြောင်း၊ လော်ဘီအုပ်စုဖြစ်သော ဥရောပအလူမီနီယမ်အဖွဲ့က အမေရိကန်နှင့် ချက်ခြင်းဆွေးနွေးရန် ဥရောပ ကော်မရှင်အား တိုက်တွန်းထားကြောင်း သတင်းများက ဖော်ပြထားပါသည်။

ရင်းမြစ်။        The Edge Malaysia