ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ်အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို အစ္စရေးနိုင်ငံက သဘောတူလက်ခံခဲ့ခြင်း
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ်အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို အစ္စရေးမှ လက်ခံကြောင်းအကြောင်းကြားစာကို အစ္စရေး၊ စီးပွားရေးနှင့်စက်မှုဝန်ကြီးက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ ဒါးဗို့စ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၏ ပူးတွဲအစီအစဉ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အစ္စရေး၏ လက်ခံမှုကို ကြိုဆိုကြောင်း၊ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာသဘောတူညီချက်တွင် အဖွဲ့ဝင်နိုင်ငံများ ပိုမိုပါဝင်လာမှုကြောင့် သဘောတူညီချက် ဆောလျင်စွာ အသက်ဝင်လာတော့မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ငါးသယံဇာတများကို အကာအကွယ်ပေးရန်နှင့် ၎င်းတို့ပျက်စီးစေနိုင်မည့် အထောက်အပံ့များတားမြစ်ရန် အရေးကြီးသဖြင့် ကျန်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်များကလည်း သဘောတူညီချက်ကို လက်ခံပေးရန်၊ အနာဂတ်မျိုးဆက်များ၏ အသက်မွေးဝမ်းကြောင်းအတွက် လိုအပ်သည့် သမုဒ္ဒရာများကို ကာကွယ်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
အစ္စရေး၊ စီးပွားရေးနှင့်စက်မှုဝန်ကြီးက သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အဓိကဆောင်ရွက်မည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပထမဆုံးသဘောတူညီချက်တွင် ပါဝင်ထောက်ခံနိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သဘောတူညီချက်သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်ရေး အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အနီးကပ် အကောင်အထည်ဖော်နိုင်မည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ပြောင်းလဲလာမည့် အလားအလာများကိုလည်း ယုံကြည်မျှော်လင့်ပါကြောင်း၊ ၁၄ ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံမတိုင်မီ သဘောတူညီချက်ပါ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုနှင့်အတူ သဘောတူညီချက် အကောင်အထည်ပေါ်အောင် လမ်းညွှန်မှု၊ မယိမ်းယိုင်သော ကတိများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အစ္စရေးသည် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံသည့် ၈၉ နိုင်ငံမြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။ သဘောတူညီချက်စတင်ကျင့်သုံးရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံမှ ပါဝင်ရန်လိုအပ်ရာ နောက်ထပ်နိုင်ငံပေါင်း ၂၂ နိုင်ငံမှ လက်ခံရန် လိုအပ်နေပါသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ၌ တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတစ်ဝန်း ငါးလျော့နည်းလာစေသည့် အထောက်အပံ့များမပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် အဆိုပါသဘောတူညီချက်၏ တာဝန်များကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက်များကို အသိအမှတ်ပြု၍ နည်းပညာဆိုင်ရာ အကူအညီထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါသည်။
အဆိုပါသဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကျောင်းခြင်း မရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကို တားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသောငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ပါဝင် သည်။
လက်ရှိသဘောတူညီချက်ကို အဆင့်မြှင့်တင်ရေးအတွက် ပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေး အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ညှိနှိုင်းလျက်ရှိပါသည်။
Source: www.wto.org