ဘင်္ဂလားဒေ့ရှ် အခွန်အာဏာပိုင်ဘုတ်အဖွဲ့က စီးပွားရေးလုပ်ငန်းများအတွက် တစ်စိတ်တစ်ပိုင်း ပြတင်းတစ်ပေါက်စနစ် (Partial Single Window) ကို စတင်
ဘင်္ဂလားဒေ့ရှ်၊ အမျိုးသားဝင်ငွေခွန်ဘုတ်အဖွဲ့ (National Board of Revenue - NBR)က စီးပွားရေးလုပ်ငန်းများအတွက် ပို့ကုန်၊ သွင်းကုန်နှင့် တဆင့်ခံကုန်သွယ်မှု အချက်အလက်များအား အီလက်ထရောနစ်နည်းလမ်းဖြင့် ဝင်ပေါက်တစ်ခုတည်းမှတဆင့် အစိုးရအဖွဲ့အစည်းများစွာသို့ တင်ပြလျှောက် ထားနိုင်သည့် အမျိုးသားပြတင်းတစ်ပေါက်စနစ် (National Single Window -NSW)ကို အကောက် ခွန်အဖွဲ့အစည်း ၇ ခု ပါဝင်လျှက် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။
ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် အကောက်ခွန်နှင့်သက်ဆိုင်သည့် အဖွဲ့အစည်း ၁၉ ခု၏ လုပ်ငန်းတာဝန်များကို စနစ်တစ်ခုတည်းတွင် ပေါင်းစည်းဆောင်ရွက်သည့် National Single Window စီမံကိန်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့ကြောင်း၊ လက်ရှိ National Single Window ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဆေးဝါးကွပ်ကဲရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ကုန်မြှင့်တင်ရေးအဖွဲ့၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာဦးစီးဌာန (Department of Explosives)၊ ဘင်္ဂလားဒေ့ရှ် ဓာတုလက်နက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ (Bangladesh National Authority of Chemical Weapons Convention)၊ ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်များဆိုင်ရာ အာဏာပိုင်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် ပို့ကုန်ထုတ်လုပ်မှုဇုန် အာဏာပိုင်အဖွဲ့စသည့် အဖွဲ့အစည်း ၇ ခုမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ ကျန်ရှိသောအဖွဲ့အစည်း ၁၂ ခုမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့၌ ပြတင်းတစ်ပေါက်စနစ်တွင် ပါဝင်လာမည်ဖြစ်ကာ စနစ်တစ်ခုလုံး လည်ပတ်သွားမည်ဖြစ်ကြောင်း အမျိုးသားဝင်ငွေခွန်ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြတင်းတစ်ပေါက်စနစ်တွင် ပင်မစနစ်နှစ်ခုပါရှိပြီး Single Window ဆော့ဖ်ဝဲနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်၊ ပုဒ် မ ၁၀.၇ အရ အကောင်အထည်ဖော်နိုင်သော အဆင့်မြင့်ကြိုတင်အန္တရာယ်စီမံခန့်ခွဲမှုစနစ် (Advance Risk Management System -ARMS)တို့ဖြစ်ကာ ARMS စနစ်သည် BSW ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ထားပါသည်။
ပြည်တွင်းသတင်းများကလည်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အစိုးရရုံးများသို့ လူကိုယ်တိုင်သွားရောက်စရာမလိုပဲ ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများအတွက် အွန်လိုင်းမှတဆင့် လိုအပ်သော အချက်အလက်များ တင်ပြပြီး အသိအမှတ်ပြုလက်မှတ်၊ လိုင်စင်၊ ခွင့်ပြုချက်အမျိုးအစား အားလုံးကို ရယူနိုင်ကြောင်းနှင့် တင်ပြသော အချက်အလက်များအရ ခွင့်ပြုချက်များ ထုတ်ပေးမည်ဖြစ်ကာ ကုန်စည်များကို ဆောလျင်စွာထုတ်ယူနိုင် မည်ဖြစ်ကြောင်း ဖော်ပြလျှက်ရှိပါသည်။
အစိုးရအဖွဲ့အစည်းများကလည်း တိုက်ရိုက်ထုတ်လွှင့်ခြင်း (live) သို့မဟုတ် အလိုအလျောက်လုပ် ဆောင်ခြင်း (automation) လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါသည်။ National Single Window စီမံကိန်းဒါရိုက်တာ Jewel Ahmed က စီးပွားရေးလုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာဌာန ၁၉ ခုမှ အသိအမှတ်ပြုလက်မှတ်(certificate) ၁၁၉ မျိုးလိုအပ်ကြောင်း၊ ၎င်းတို့အနက် ၄၉ မျိုးကို အွန်လိုင်းမှ ရရှိနေပြီဖြစ်ကြောင်း၊ ကျန်အမျိုးအစားများကို ဒီဂျစ်တယ်စနစ်တွင် ထည့်သွင်းနေပြီဖြစ်ကြောင်း၊ စီမံကိန်းအား ကမ္ဘာ့ဘဏ်က ငွေကြေးပံ့ပိုးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်ရှိသော ဌာန/အဖွဲ့အစည်း ၁၂ ခုမှာ (၁) သွင်းကုန်နှင့် ပို့ကုန်ထိန်းချုပ်ရေးဌာန၊ (၂) ဘင်္ဂလားဒေ့ရှ် သိုးမွှေးထည်ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊(၃) ဘင်္ဂလားဒေ့ရှ်အထည်ချုပ် လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ (၄) ငါးလုပ်ငန်းဦးစီးဌာန၊ (၅) ဘင်္ဂလားဒေ့ရှ်စံချိန် စံညွှန်းနှင့် စမ်းသပ်စစ်ဆေးရေးအဖွဲ့၊ (၆) စိုက်ပျိုးရေးဦးစီးဌာန၊ (၇) မွေးမြူရေးဦးစီးဌာန၊ (၈) ဘင်္ဂလားဒေ့ရှ် အနုမြူစွမ်းအင်ကော်မရှင်၊ (၉) ဘင်္ဂလားဒေ့ရှ် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့၊ (၁၀) ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးကြီးကြပ်ကွပ်ကဲမှုကော်မရှင်၊ (၁၁)ဘင်္ဂလားဒေ့ရှ် အဏုမြူစွမ်းအင် ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်နှင့် (၁၂) ဘင်္ဂလားဒေ့ရှ် မြို့ပြလေကြောင်း အာဏာပိုင်တို့ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်း ဝက်ဘ်ဆိုဒ် Fiber2Fashion တွင်ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.fibre2fashion.com/news/