ထရမ့်၏ ၂၀၂၄ ရွေးကောက်ပွဲ အနိုင်ရရှိမှုနှင့် အာရှကုမ္ပဏီများအပေါ် အလားအလာများ

တစ်ကျော့ပြန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ စီးပွားရေးမူဝါဒအပြောင်းအလဲများသည် အမေရိကန် တွင် ရင်းနှီးမြုပ်နှံထားသည့် အာရှကုမ္ပဏီများအတွက် မည်သို့သောအလားအလာများရှိသည်ကို ရိုက်တာ သတင်းဌာနက အောက်ပါအတိုင်း သုံးသပ်ထားပါသည်။

တစ်စိတ်တစ်ပိုင်း လျှပ်ကူးပစ္စည်းများ (SEMICONDUCTORS)

အာရှမှ ချစ်ပ်ပြားထုတ်လုပ်သူများဖြစ်သည့် TSMC(ထိုင်ဝမ်)နှင့် ဆမ်ဆောင်းလျှပ်စစ်(တောင်ကိုရီးယား) တို့သည် လက်ရှိအမေရိကန်အစိုးရ၏ “ အာရှမှ ချစ်ပ်ပြားဝယ်ယူခြင်းအား လျော့ချရန်” မူဝါဒကြောင့် အမေရိကန်တွင် အနည်းဆုံးတန်ဖိုး ဒေါ်လာ ၁၁၇ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည် ဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ၎င်းတို့အား အနည်းဆုံး ဒေါ်လာ ၁၈.၈၅ ဘီလီယံရှိ ထောက်ပံ့ကြေးနှင့်ငွေကြေး အထောက်အပံ့များကို လက်ခံရရှိနိုင်မည်ဖြစ်သည်။

သို့သော် ထရမ့်အစိုးရက ထောက်ပံ့မှုကို ပြန်လည်ရုတ်သိမ်းခြင်း ရှိ/မရှိမှာ မသေချာသလို မဲဆွယ်စည်းရုံး ရေးကာလတွင်း၌ လည်း ထရမ့်က ထိုင်ဝမ်အမည်ခံ တရုတ်ကုမ္ပဏီများအား အမေရိကန်၏တစ်ပိုင်းလျှပ် ကူးပစ္စည်းများအား ခိုးယူနေသည်ဟု စွပ်စွဲခဲ့ပြီး ထိုင်ဝမ်အား ကာကွယ်ရန် အခကြေး ငွေပေးရမည်ဟု ပြောကြားခဲ့သည်။ ထိုင်ဝမ်ကုမ္ပဏီ GlobalWafers က ထရမ့်အစိုးရနှင့် ဆက်လက်လုပ်ဆောင်ရန် အထောက်အပံ့အစီအစဉ် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

လျှပ်စစ်မော်တော်ကားများ 

ထရမ့်က အမေရိကန်၏ ကုန်သွယ်မှုလိုငွေကို ဖယ်ရှားရန် သွင်းကုန်အားလုံးအပေါ် ၁၀ % သို့မဟုတ် ထို့ထက်ပို၍ အခွန်စည်းကြပ်ရန် စိတ်ကူးထားကြောင်း ပြောကြားခဲ့သည်။ ကားတင်သွင်းမှုအပေါ် ၂၀၀ % အခွန်စည်းကြပ်ရန် အထူးသဖြင့် မက္ကဆီကိုမှ ကားတင်သွင်းမှုကို တားမြစ်ရန် ရည်ရွယ်ထားပါသည်။ အဆိုပါ စည်းကြပ်ခွန်ကြောင့် အာရှကားများဖြစ်သည့် ဟွန်ဒါ၊ နီဆန်၊ ကီယာ (Kia) အပါအဝင် ထုတ်လုပ်သူအများအပြားကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ဟွန်ဒါ လုပ်ငန်းတာဝန်ခံက အမေရိကန်သို့ တင်သွင်းနိုင်ရေး ထုတ်လုပ်မှု၏ ၈၀ % ကို မက္ကဆီကိုသို့ တင်ပို့ထားရသောကြောင့် ကြီးမားသော အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်း၊ အကယ်၍ စည်းကြပ်ခွန်များ ရေရှည်ဖြစ်သွားပါက အမေရိကန် သို့မဟုတ် အခြားအခွန်ကင်းလွတ်သည့်နိုင်ငံသို့ ထုတ်လုပ်မှုလွှဲပြောင်းရန် စဉ်းစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လျှပ်စစ်မော်တော်ကား ဘက်ထရီများ

သမ္မတဘိုင်ဒင်လက်ထက်က သန့်ရှင်းသောစွမ်းအင်မူဝါဒနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချရေး စည်းမျဉ်း များအရ လျှပ်စစ်မော်တော်ကား ဝယ်ယူမှုအပေါ် ဒေါ်လာ ၇၅၀၀ အခွန်ကင်းလွတ်ခွင့် ပြုခဲ့ ရာ ထရမ့်က အဆိုပါ အခွင့်အရေးကို ပြန်လည်ရုတ်သိမ်းမည်ဖြစ်ကြောင်း ရိုက်တာသို့ ဩဂုတ်လက ပြောကြားခဲ့သည်။ ထို့ကြောင့် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံထားသော တောင်ကိုရီးယား ဘက်ထရီထုတ်လုပ်သူများနှင့် ဂျပန်နိုင်ငံမှ ပန်နာဆိုးနစ်ကုမ္ပဏီတို့က အခွင့်အရေး ပြန်လည်ရုတ်သိမ်းမည့်အပေါ် စိုးရိမ်နေကြပါသည်။

အမေရိကန်တွင် ဘက်ထရီ ထုတ်လုပ်နေသော LG Energy Solution နှင့် SK On တို့သည် ၂၀၂၃ ခုနှစ်မှစ၍ ချေးငွေ ဝမ် ၂.၆ ဘီလီယံ (ဒေါ်လာ ၁.၉သန်း) လက်ခံရရှိခဲ့ကြောင်း၊ ယင်းသို့ ချေးငွေများ မရှိပါက ကုန်ထုတ်လုပ်ငန်းများ အရှုံးပေါ်မည်ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ တရုတ်ဘက်ထရီ များအပေါ် အမေရိကန်၏ ကန့်သတ်ချက်များသည် ထရမ့်၏ ဒုတိယအကြိမ် အုပ်ချုပ်မှုအောက်တွင် နေမြဲ (သို့မဟုတ်) ပိုမိုတင်းကျပ်သွားနိုင်ပြီး ပြိုင်ဘက် တောင်ကိုရီးယားထုတ်လုပ်သူများကို အကျိုးရှိစေနိုင်ကြောင်း ကုမ္ပဏီများက ပြောကြားခဲ့သည်။

နီပွန်စတီး (NIPPON STEEL)

နီပွန်စတီးကုမ္ပဏီမှ အမေရိကန်စတီးကုမ္ပဏီအား ဒေါ်လာ ၁၄.၉ ဘီလီယံဖြင့် ဝယ်ယူမှုအပေါ် ကုမ္ပဏီ၏ အလုပ်သမားသမဂ္ဂမှ ဆန့်ကျင်မှုများကြောင့် အမေရိကန်အစိုးရက ခွင့်မပြုခဲ့ပါ။ ထရမ့်ကလည်း ယခု အရောင်းအဝယ်ကို ပိတ်ဆို့ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကော်မတီက ယခုအရောင်းအဝယ်သည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေပြီး သံမဏိလုပ်ငန်းသည် အမေရိကန်စက်မှုလုပ်ငန်းများ၏ ထောက်ပံ့ရေးကွင်းဆက်အတွက် အရေးကြီးကြောင်း ပြောကြားခဲ့ သဖြင့် အဆိုပါကိစ္စသည် ရပ်တန့်နေမည်ဖြစ်သည်။

တရုတ်စီးပွားရေးလုပ်ငန်းများ

တရုတ်စီးပွားရေးလုပ်ငန်းများသည် တရုတ်မှသွင်းကုန်များအပေါ် အကောက်ခွန် ၆၀ % သို့မဟုတ် ထို့ထက်ပို၍ စည်းကြပ်ရန် ထရမ့်၏ ခြိမ်းခြောက်မှုနှင့် ၂၀၁၇-၂၀၂၁ အတွင်းက ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲအလားအလာကို စောင့်ကြည့်နေကြပါသည်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကဏ္ဍစုံ ထိခိုက်ခဲ့ပြီး ဖုန်စုပ်စက်ထုတ်လုပ်သူများမှ စက်ယန္တရားများအထိ တန်ဖိုး ဒေါ်လာ ၂၀၀ ဘီလီယံကျော် အခွန်စည်းကြပ်ခဲ့ပါသည်။ ယင်းအခွန်အများစုကို ဘိုင်ဒင်အစိုးရကလည်း ဆက်လက်ကောက်ခံခဲ့ပြီး ထရမ့်အစိုးရလက်ထပ်တွင် Huawei (ဟွာဝေး) ၊ ByteDance၊ Tencent၊ TikTokနှင့် WeChat စသည့် နည်းပညာကုမ္ပဏီများသည် နိုင်ငံတော်လုံခြုံရေး ခေါင်းစဉ်အောက်မှ ပို့ကုန်ထိန်းချုပ်မှု၊ တားမြစ်မှုများ ခံရမည်ဖြစ်ပါသည်။ 

တရုတ် ပို့ကုန်လုပ်ငန်းရှင်အချို့သည် ထရမ့်ပြန်လည်လုပ်ဆောင်လာမည့် နည်းလမ်းများကို ရင်ဆိုင်ရန် တရုတ်ပြင်ပတွင် ပြောင်းရွှေ့ထုတ်လုပ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်လာသလို အချို့နည်းပညာ ကုမ္ပဏီများကလည်း တရုတ်နိုင်ငံ၏နည်းပညာတိုးတက်မှုကိုနှောင့်နှေးစေရန်ထရမ့်၏ ဆောင်ရွက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံမည်မဟုတ်ကြောင်း ပြောကြားကြသည်။ ထရမ့်၏ လက်ရှိ စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက တရုတ်အပေါ် ပို့ကုန်ထိန်းချုပ်ရေး မူဝါဒများကို ပိုမိုပြင်းထန် လာရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

ရင်းမြစ်။        ရိုက်တာသတင်းဌာန