G20 ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများက သစ်တောထိန်းသိမ်းရေးရန်ပုံငွေတစ်ရပ် ထူထောင်ရန် သဘောတူ

G 20 သဘာဝပတ်ဝန်းကျင်ဝန်ကြီးများက ဂေဟစနစ်ဝန်ဆောင်မှုများအတွက် သစ်တောထိန်းသိမ်းရေး ရန်ပုံငွေတစ်ရပ်ထူထောင်ရန် ဘရာဇီး၏ အဆိုပြုချက်ကို ကြာသပတေးနေ့က ထောက်ခံခဲ့ကြပါ သည်။ အပူပိုင်းသစ်တောများ၏ အရေးကြီးဇီဝမျိုးစိတ်များကို ကာကွယ်ရန် “ အပူပိုင်းသစ်တောများ ထာဝရ အကူအညီ (Tropical Forests Forever Facility) ” အစီအစဉ်ကို ဘရာဇီးမှ ဦးဆောင်မည်ဖြစ်ပါသည်။ 

ဘရာဇီး၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီး၏ အတွင်းရေးမှူးချုပ်ဖြစ်သူ João Paulo Capobianco က ယခုအစီအစဉ်သည် သစ်တောပြုန်းတီးမှု တားဆီးရေးလုပ်ငန်းများအောင်မြင်မှသာ အကျိုးခံစားနိုင်သည့် အမေဇုန်ရန်ပုံငွေ (Amazon Fund) နှင့် မတူဘဲထိန်းသိမ်းထားသည့် အပူပိုင်းသစ်တောဧရိယာ အကျယ်အဝန်းအလိုက် ဂေဟစနစ်တွင် ပါဝင်သောဒေသခံနှင့် ဌာနေတိုင်းရင်း သားနှင့်တကွ အားလုံးအတွက် အကျိုးရှိစေမည့် အစီအစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရီယိုဒီဂျနေရိုတွင် လေးရက်ကြာ ကျင်းပခဲ့သည့် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အစည်းအဝေးသည် ယခုနှစ်အတွက် G20 ဥက္ကဌရာထူး ရယူထားသည့် ဘရာဇီး၏ ဦးစားပေးကိစ္စ ဖြစ်ပါသည်။ အစည်းအဝေးတွင် သဘာဝပတ်ဝန်း ကျင်ဝန်ကြီးများက ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲများ ဆုံးရှုံးနေမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုအရ လိုက်ပါပြောင်းလဲရေး အစိုးရ-ပုဂ္ဂလိက ငွေကြေးဆိုင်ရာ မဟာဗျူဟာများ ၊ကြားကာလမူဝါဒများ၊ ထိခိုက်လွယ်သော ပြည်သူလူထုအပေါ် သက်ရောက်မှုများကို အထောက်အပံ့ပေးနိုင်ရန်တို့ကို အကဲဖြတ်ခဲ့ကြောင်း ဘရာဇီးပတ်ဝန်းကျင်ရေးရာဝန်ကြီး Marina Silva က အစည်းအဝေးအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်တွင် လျော့ပါးသက်သာရေးနှင့် လိုက်လျောညီထွေဖြစ်ရေး ကြိုးပမ်းရန်၊ ကမ္ဘာကြီးပူနွေးလာမှုကို ကန့်သတ်ရန် ရည်ရွယ်ခဲ့သည့် ပါရီသဘောတူညီချက်ကို ထောက်ခံကြောင်း ထပ်မံအသိပေးရန်နှင့် သမုဒ္ဒရာများ၊ စွန့်ပစ်ပစ္စည်းလျှော့ချရေး၊ လှည့်လည်စီးပွားရေးစနစ်နှင့် ပလတ်စတစ်ညစ်ညမ်းမှုတို့နှင့် ပတ်သတ်၍လည်း အလေးအနက်ထား ဖော်ပြခဲ့သည်။

ယခုအစည်းအဝေး၏ ရလဒ်များကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အတွင်း ဘရာဇီး၌ ကျင်းပမည့် G 20 ခေါင်းဆောင်များ အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး G20 ဥက္ကဌဖြစ်သော ဘရာဇီးသမ္မတ Luiz Inácio Lula da Silva က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မညီမျှမှုများ လျှော့ချရေးနှင့် နိုင်ငံစုံအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

ရင်းမြစ်။        အေပီသတင်းဌာန